Selfie ရိုက်တယ် လို့ ကြားလိုက်တာနဲ့ ဒါမှမဟုတ် မြင်လိုက်တာနဲ့ လူတွေအများစုရဲ့ အတွေးအမြင်မှာက သိပ် ပဲများတာပဲ၊ လှပဲလှချင်နေတယ်၊ စသဖြင့် မကောင်းဖက်က တွေးတတ်ကြတာများပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တို့ ပြောကြားချက်တွေအရ ဒီလိုပြောစကားတွေဟာ အမြဲတမ်း မမှန်ကန်ပါဘူး။
သုတေသီတို့ ရှာဖွေတွေ့ရှိထားတာတွေကတော့ Selfie ရိုက်ခြင်းဟာ ကျန်းမာရေးရှုထောင့်ဖက်ကနေကြည့်ရင် အများကြီး အကျိုးရှိတဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ နောက်ပြီးတော့ Selfie ရိုက်ခြင်းဟာ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးခြင်းဖြစ်ပြီး ကာယကံရှင် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ တိုးတက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေပါတယ်။
Selfie ရိုက်တာဟာ ကိုယ့်ကိုယ်ကို ဂရုစိုက်တာပါ
ရှာဖွေတွေ့ရှိချက်တွေအရ Selfie ရိုက်ကူးခြင်းဟာ တစ်နေ့တာမှာ ကြုံတွေ့ရတဲ့ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ဖိစီးမှုတွေကနေ ခဏတာလောက် အနားယူနိုင်ရန် ကူညီပေးခြင်းဖြစ်ပါတယ်။ လူတစ်ဦးကို မေးကြည့်ရာမှာလည်း သူ့ရဲ့အလုပ်က အင်မတန်ကို စိတ်ဖိစီးမှုများတဲ့ ရာထူးဖြစ်လို့ တချို့နေ့တွေမှာဆို အသက်ရှူဖို့တောင်အနိုင်နိုင် အရမ်းအလုပ်များပါတယ်။ Selfie ရိုက်ခြင်းက သူ့အတွက်တော့ လေကောင်းလေသန့်ရှူရှိုက်လိုက်ရသလိုပဲ တစ်ခုခု မတူညီတာကို ခံစားရစေတယ်လို့ ဆိုပါတယ်။
တချို့သူတွေအတွက်ကျတော့လည်း Selfie ရိုက်တော့မယ်ဆို နောက်ခံ Background ကို ပြန်ကြည့်ရတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို သတိထားမိစေပါတယ်။ ဥပမာ အရင်တုန်းက ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေလို့ ကိုယ့်ဘေးဘီဝဲယာမှာ ဘာတွေဖြစ်နေလဲ သတိမထားမိတတ်ကြပါဘူး။ Selfie ရိုက်ချိန်မှာတော့ ဘယ်နေရာလေးတွေကလှလဲ ဘယ်ရှုခင်းလေးတွေကတော့ ကြည့်ကောင်းလဲ စသဖြင့် လိုက်ရှာမိစေလို့ ဖုန်းကိုပဲ တချိန်လုံးအာရုံစိုက်မိတော့မှာ မဟုတ်ပါဘူး။

လူတစ်ယောက်ကို ပျော်ရွှင်စေတယ်
Selfie ရိုက်လိုက်ချိန်မှာတော့ တကယ်ပျော်လို့ ပြုံးတာဖြစ်ဖြစ်၊ အခြေအနေအလိုက် ပြုံးလိုက်တာပဲဖြစ်ဖြစ် ဒီပုံလေးတွေကို ပြန်ကြည့်လိုက်ချိန်မှာ စိတ်ကိုပျော်ရွှင်သွားစေတာကတော့ တကယ်ပါ။ ကိုယ်တစ်ဦးတည်းသာမဟုတ်ဘဲ ကိုယ့်ရဲ့ဒီလိုအပြုံးပုံလေးတွေကို သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ ချစ်ရသူဆီကို ပို့ပေးလိုက်ချိန်မှာလည်း သူတို့အတွက် တစ်ခဏတာ ပျော်ရွှင်မှုလေး ဖန်တီးပေးလိုက်သလိုပါပဲ။

ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံပြန်ရိုက်တာက ယုံကြည်မှုပိုတိုးစေတယ်
ဒီနေ့ခေတ်ရဲ့ Campaigns တွေအများစုကို ကြည့်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချဘဲ ချစ်တတ်ဖို့၊ ယုံကြည်ချက်ရှိဖို့ ပြောနေကြတာတွေဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံမှန်မှန်ရိုက်ပေးခြင်းဖြင့် စိတ်ပျော်စေကာ ကိုယ့်ရဲ့ပုံရိပ်၊ ခန္ဓာကိုယ်နဲ့ပတ်သက်လို့ ယုံကြည်ချက်ပိုရှိစေပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဒီလိုချစ်တတ်သူတွေဟာ လျစ်လျူရှုထားတတ်သူတွေထက် ပိုပြီး ဆွဲဆောင်မှုပိုရှိတယ်၊ လူချစ်လူခင်ပေါတယ်လို့ သုတေသနတစ်ခုကလည်း ရှာဖွေတွေ့ရှိထားပါတယ်။

အဖိုးတန်တဲ့ အခိုက်အတန့်လေးတွေကို မှတ်တမ်းတင်ထားနိုင်တယ်
အတိတ်ကိုလွမ်းဆွတ်ခြင်းဟာ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ကောင်းမွန်ပြီး ဘဝအတွက်လည်း အားမာန်ဖြစ်စေပါတယ်။ တချိန်က ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ဖူးတဲ့ Selfie ဓာတ်ပုံလေးတွေကလည်း လအနည်းငယ် (သို့) နှစ်အနည်းငယ်ကြာပြီးနောက်မှာ “Memories” အဖြစ် ပြန်ပေါ်လာတတ်ပါတယ်။ အဲ့အခါ ငါ အဲ့တုန်းက ခရီးတွေသွားခဲ့၊ ဒီလိုလေးတွေ ပျော်ခဲ့တယ်ဆိုပြီး ပြန်လည်တွေးတောမိမှာ သေချာပါတယ်။

ဘယ်အရာဖြစ်ဖြစ် တော်သင့်ရုံသာလုပ်ပါ
Selfie ရိုက်တာ ဘယ်လောက်ပဲကောင်းတယ်ဆိုပါစေ အလွန်အကျွံ မလုပ်သင့်ပါဘူး။ ဒါဆိုရင် ဘယ်လောက်က အတော်အသင့်လဲ လို့ မေးခွန်းထုတ်လာတဲ့အခါ တစ်နေ့ကို တစ်ပုံ သို့မဟုတ် ၂ ပုံလောက်က အန္တရာယ်မရှိပါဘူး။
ဒါပေမယ့် တစ်နေကုန် Selfie ပဲ ထိုင်ရိုက်ချင်နေတယ်၊ တစ်နေ့ကို အနည်းဆုံး ၆ ကြိမ်လောက် ဆိုရှယ်မီဒီယာပေါ် တင်ချင်တယ်ဆိုတာက စွဲလမ်းမှုပြင်းထန်သွားပါပြီ။ ဒါကြောင့် ဘယ်အရာဖြစ်ဖြစ် တော်သင့်ရုံသာ အကောင်းဆုံးပါ။

Lifestyle_Myanmar
ref-brightside