Gym မှာ ဆော့တဲ့သူ တော်တော်များများဟာ အားကစားလုပ်ပြီးတာနဲ့ သော့ယူ၊ ရေးဘူးယူပြီးတော့ အိမ်ပြန်သွားကြတတ်ပြီး တော်တော်များများ အကြောလျှော့ပေးဖို့အတွက် မေ့နေတတ်ကြပါတယ်။ လေ့လာသူတွေကတော့ အားကစားလုပ်ပေးပြီးတာနဲ့ အပေါ့စားလေ့ကျင့်ခန်းနဲ့ အကြောလျှော့ပေးတာတွေက အကျိုးရှိစေတယ်လို့ ဆိုထားပါတယ်။ အခု အားကစားလုပ်ပြီးတာနဲ့ လုပ်သင့်တဲ့အချက်လေးတွေကို ပြောပြပေးသွားမှာပါ။
လက်ကိုသေချာစွာဆေးကြောပေးပါ
ဒီအချက်ကတော့ Gym ကစားပြီးတာနဲ့ ပထမဆုံးလုပ်ရမယ့် အရေးကြီးဆုံးအချက်ပါပဲ။ အားကစားလုပ်ပြီးတာနဲ့ ချက်ခြင်း လက်ကို ဆပ်ပြာနဲ့ သေသေချာချာဆေးကြောပေးဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ Gym မှာရှိတဲ့ အလေးတုံးတွေနဲ့ ပစ္စည်းကိရိယာတွေဟာ ဘက်တီးရီးယား ပိုးတွေနဲ့ ပြည့်နေလို့ပါပဲ။ ဆရာဝန်တွေကတော့ Gym က အားကစားပစ္စည်းတွေမှာရှိတဲ့ ဘက်တီးရီးယားအရေအတွက်ဟာ အိမ်သာမှာရှိတဲ့ ဘက်တီးရီးယားအရေအတွက်ထက် အဆပေါင်း ၇၀၀၀ ကျော်ပိုများတယ်လို့ ဆိုထားပါတယ်။ အခုလောက်ဆိုရင် Gym ဆော့ပြီးတာနဲ့ ဘာလို့ လက်ကိုဆေးသင့်သလဲဆိုတာ သိလောက်ပြီထင်ပါတယ်။

အပေါ့စားလေ့ကျင့်ခန်းလုပ်ပေးပါ
အားကစား အပြင်းအထန်လုပ်ပြီးသွားတာနဲ့ ချက်ခြင်းကြီး နားလိုက်ဖို့မလုပ်ပါနဲ့။ အပေါ့စားလေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။ ဒါက နှလုံးခုန်နှုန်း ဖြည်းဖြည်းခြင်း နှေးသွားစေပါတယ်။ တချို့တွေကတော့ ယောဂနဲ့ အကြောလျှော့ လေ့ကျင့်ခန်းလေးတွေ လုပ်လေ့ရှိကြပါတယ်။ ဒါမှမဟုတ်ရင်လည်း ပြေးစက်ပေါ်တက်ပြီး အနှေးပြေးတာတို့ လမ်းလျှောက်တာတို့ လုပ်လို့ရပါတယ်။ ဒါကသင် ဘာလုပ်ချင်လဲအပေါ်မှာ မူတည်ပါတယ်။ ဒီလို အပေါ့စားလေ့ကျင့်ခန်းတွေကို ၁၀-၁၅ မိနစ်လောက် လုပ်ပေးကြည့်ပါ။

အကြောလျှော့ပေးပါ
Gym Trainers တွေကတော့ အာကစားလုပ်ပြီးတာနဲ့ အကြောလျှော့ဖို့ အကြံပေးလေ့ရှိပါတယ်။ ပြေးစက်ပေါ်တက်ပြီး လမ်းမလျှောက်ချင်ဘူး မပြေးချင်ဘူးဆိုရင်တောင် ပုံမှန်အကြောလျှော့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးဖို့ လိုအပ်ပါတယ်။ အကြောလျှော့ခြင်းက နေရထိုင်ရတာ သက်တောင့်သက်သာရှိစေပြီး ညဖက်ကောင်းကောင်းအိပ်ပျော်ဖို့လည်း အထောက်အကူပြုစေပါတယ်။ အကြောလျှော့ခြင်းအားကစားက Gym ကစားတဲ့သူတွေမှမဟုတ်ပဲ လူတိုင်းရဲ့ကျန်းမာရေးအတွက် လုပ်ပေးသင့်ပါတယ်။ ပြီးတော့ Gym ကစားတာကြောင့် ဖြစ်လာတဲ့ အကြောနာခြင်းမှာလည်း သက်သာစေပါတယ်။

ရေသောက်ပေးပါ
ဒီအချက်ကိုတော့ အားကစားလုပ်တဲ့သူတွေအတွက် ပြောစရာမလိုဘူးထင်ပါတယ်။ ဒါပေမယ့် တချို့သောသူတွေကတော့ အားကစားလုပ်ပြီးတာနဲ့ ရေမသောက်ချင်ကြတဲ့သူတွေရှိပါတယ်။ ရေပြန်လည်ဖြည့်တင်ခြင်းက အားကစားလုပ်တဲ့သူတွေအတွက် အရေးကြီးဆုံးအရာတွေထဲမှာ ပါပါတယ်။ ဘာလို့လဲဆိုတော့ အားကစားလုပ်နေတဲ့အချိန်မှာ ချွေးထွက်ပြီး ရေဓာက်ခန်းခြောက်လေ့ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွင်း ရေဓာက်ခမ်းခြောက်မနေဖို့အတွက် အားကစားလုပ်ပြီးတာနဲ့ ရေများများသောက်ပေးဖို့ လိုအပ်တယ်။

ရေချိုးပေးပါ
Gym ကပြန်လာပြီး အိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး အဝတ်အစားနွေးနွေးထွေးထွေး ဝတ်ထားပေးပါ။ တချို့လူတွေက Gym ဆော့ပြီးတာနဲ့ အဝတ်အစားတွေချွတ်ထားပြီး အကြာကြီးနေလေ့ရှိပါတယ်။ ဒီလိုနေခြင်းက အအေးမိနှာချေချောင်းဆိုး ဖြစ်စေပါတယ်။ တချို့သောသူတွေကတော့ အားကစားလုပ်ပြီး အိမ်ပြန်ရောက်တဲ့အခါ ရေမချိုးပဲ အိပ်ယာဝင်တဲ့သူတွေရှိပါတယ်။ ဒီလိုလုပ်ခြင်းက အိပ်ယာပေါ်ကို ဘက်တီးရီးယားအမျိုးပေါင်း သန်းနဲ့ချီပြီး ခေါ်ဆောင်လာသလိုဖြစ်နေမှာပါ။ ဒါကြောင့် Gym ကစားပြီး ရေမချိုးပဲနဲ့ အိပ်ယာပေါ်တက်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့ အကြံပေးပါရစေ။

Lifestyle_Myanmar
ref-muscleandfitness