ဘာအတွက်ပဲ Gym ကစား ကစား နည်းပြဆရာတွေနဲ့ နည်းစနစ်မှန်ကန်စွာ ကစားဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ငွေကုန်လူပင်ပန်းတာပဲ အဖက်တင်မှာပါ။ ပြီးတော့ Gym ကစားနေတဲ့ အချိန်အတောအတွင်းမှာ စားသောက်နေထိုင်မှုပုံစံတွေလည်း ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒီနေ့ Gym ကစားတဲ့သူတွေအတွက် မှန်ကန်သော စားသောက်နေထိုင်မှုပုံစံအကြောင်း ပြောပြပေးသွားမှာပါ။
အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးဝဝအိပ်ခြင်းက လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးကြီးတယ်ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်လို နည်းပညာတိုးတက်တဲ့ခေတ်ကြီးမှာ လူအများစုကဖုန်းတစ်လုံးနဲ့အိပ်ယာထဲ အချိန်ကုန်နေတာကြောင့် အိပ်ချိန်တွေ နည်းလာကြပါပြီ။ ဒါက ရေရှည်ကျန်းမာရေးအတွက် ကောင်းတဲ့အချက် မဟုတ်ပါဘူး။ အထူးသဖြင့် Gym ကစားတဲ့သူတွေအနေနဲ့ အိပ်ချိန်ပြည့်ဝနေဖို့ အလွန်အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ဘဲ အိပ်ရေးမဝပါက Gym ကောင်းကောင်းကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အိပ်ချိန်ကို အနည်းဆုံး (၇-၈) နာရီ အိပ်စက်ပေးဖို့ အရေးကြီးပါတယ်။

ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်တယ်
Gym ကစားတဲ့အခါမှာ လှုပ်လှုပ်ရှားရှား လုပ်ရတာကြောင့် ချွေးထွက်ပြီး ကိုယ်တွင်းမှာရှိတဲ့ ရေဓာတ်တွေ ဆုံးရှုံးသွားပါတယ်။ ဒါကြောင့် ရေဓာတ်ခမ်းခြောက်တဲ့အခြေအနေထိ မရောက်အောင် ရေကိုလုံလောက်စွာသောက်ပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပုံမှန်စားပေးမယ်ဆိုရင်လည်း ရေဓာတ်ခမ်းခြောက်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

ပရိုတင်းဓာတ် များများစားပေးပါ
ပရိုတင်းဓာတ်ဟာ Gym ကစားတဲ့သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်မျိုးဖြစ်ပါတယ်။ ပရိုတင်းဓာတ်ဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်ခန္ဓာကို ကြီးထွားဖွံ့ဖြိုးစေကာ အရိုးအဆစ်တွေကိုလည်း သန်မာစေပါတယ်။

အဆီလျှော့စားပါ
လုံးဝမစားဘဲ နေလိုက်တာထက် လျှော့စားမယ်ဆိုရင် သိပ်ပြီးတော့ ပြဿနာမရှိစေပါဘူး။ အဆီများတဲ့ အစားအစာတွေ၊ အငန်ဓာတ်များတာ၊ အချိုလွန်ကဲတဲ့ မုန့်တွေဟာ လူကိုအဝလွန်စေပြီး ကိုယ်တွင်းအဆီတက်စေပါတယ်။ ကြာလာရင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ အစရှိတဲ့ ရောဂါတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိဖို့၊ ကိုယ်ခန္ဓာ အမိုက်စားရအောင် လေ့ကျင့်နေတဲ့ အချိန်မှာ ဒီလိုအစားအစာတွေကို အများကြီးစားလိုက်ရင် ကိုယ်အပင်ပန်းခံ ဆော့ခဲ့သမျှ အလဟဿ ဖြစ်သွားမယ်ဆိုတာ အမြဲသိထားဖို့တော့ လိုပါတယ်။

Lifestyle_Myanmar
ref-healthline