ယနေ့ခေတ်မှာဆိုရင် ကိုယ်ခန္ဓာအချိုးအစား လှဖို့အတွက်၊ ကျန်းမာရေးကောင်းဖို့အတွက် စတဲ့ ရည်ရွယ်ချက်တွေနဲ့ Gym ကို တကူးတက သွားပြီးတော့ လေ့ကျင့်ခန်းတွေလုပ်လာကြပါပြီ။ တချို့အမောမခံနိုင်တဲ့သူတွေအနေနဲ့တော့ ဒီလိုလေ့ကျင့်ခန်းတွေအစား Yoga ကျင့်တာကို ရွေးချယ်ပြီးလုပ်ဆောင်ကြပါတယ်။ Yoga ကျင့်ခြင်းဟာ စိတ်ငြိမ်းချမ်းမှုကို ရရှိစေရုံသာမက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖို့ကိုလည်း အထောက်အကူဖြစ်စေပါတယ်။
Yoga ဆိုတဲ့ ခေါင်းစဥ်အောက်မှာလည်း သင်မသိလောက်သေးတဲ့ အမျိုးအစားတွေ ရှိနေပါသေးတယ်။ အခုတစ်ခါ ဒီဆောင်းပါးလေးမှာ ရေးသားဖော်ပြပေးချင်တဲ့ Yoga အမျိုးအစားကတော့ Flying Yoga ပဲဖြစ်ပါတယ်။ ပုံမှန် Yoga လေ့ကျင့်ခန်းနဲ့ Pilates တို့က Postures တွေကို သူ့နာမည်အတိုင်းပဲ လေပေါ်မှာပြုလုပ်ရတာဖြစ်ပါတယ်။ Hammock လို့ခေါ်တဲ့ ပုခက်ကို အသုံးပြုရတာဖြစ်ပြီး သူ့ရဲ့အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲဆိုတာ အဆုံးထိ ဖတ်ကြည့်လိုက်ရအောင်ပါ။

၁။ ခန္ဓာကိုယ် ပျော့ပျောင်းလာတယ်
လေပေါ်မှာ တန်းလန်းဆွဲပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းက အကြောအချင် တင်းရင်းမှုတွေကို ဖြေလျော့ပေးပြီး လေ့ကျင့်ခန်းလုပ်တာ ကြာလာတာနဲ့အမျှ ကိုယ်ခန္ဓာကလည်း ပျော့ပျောင်းလာပါလိမ့်မယ်။ အရွတ်တွေကို ဆန့်ပေးပြီး ကြွက်သားတွေကို သက်တောင့်သက်သာရှိစေပါတယ်။ Yoga လုပ်ပေးခြင်းအားဖြင့် Core muscles လို့ခေါ်တဲ့ ခန္ဓာကိုယ်ဝမ်းဗိုက်ကြွက်သားတွေကို သန်မာစေရုံသာမက တောင့်တင်းနေတဲ့ ကျောရိုးနဲ့ပုခုံးတွေလည်း သက်သာလာမှာဖြစ်ပါတယ်။
၂။ နောက်ကျောနာကျင်မှုကို သက်သာစေတယ်
တစ်နေကုန် စားပွဲမှာထိုင်ပြီး အလုပ်လုပ်ရတာကြာလာလို့ ခါးနာဝေဒနာကို ခံစားနေရပါသလား။ ကျောရိုးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို သက်သာစေဖို့အတွက် Flying Yoga ကိုသာ လေ့ကျင့်ကြည့်လိုက်ပါ။

၃။ စိတ်ပျော်ရွှင်လာစေတယ်
Yoga လေ့ကျင့်ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ကြုံလာရတဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေလို့ စိတ်ကိုပျော်ရွှင်စေပါတယ်။ လေပေါ်မှာ တန်းလန်းဆွဲပြီး လေ့ကျင့်ခန်းလုပ်ရတာဖြစ်လို့ ပုံမှန်ထက်အာရုံစူးစိုက်ရကာ တခြားကို အာရုံတွေထွေပြားမှာ မဟုတ်တော့ပါဘူး။
၄။ အစာခြေဖျက်အားကောင်းလာတယ်
အကြောဆန့်ရတာတွေ၊ ခန္ဓာကိုယ်ကို အပေါ်အောက်စိုက်ပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကြောင့် အစာခြေဖျက်ရာမှာ ပြဿနာရှိလာနိုင်တယ်လို့ တွေးကောင်းတွေးနိုင်ပါတယ်။ တကယ်တမ်းကတော့ ပြောင်းပြန်ပါ။ အစာမကြေတာတွေ၊ ဝမ်းချုပ်နေတာတွေလို ပြဿနာတွေအတွက် အင်မတန်အထောက်အကူဖြစ်စေပြီး အူလမ်းကြောင်းလှုပ်ရှားမှု ပုံမှန်မဟုတ်တဲ့ရောဂါဝေဒနာ ခံစားရခြင်းမှလည်း သက်သာစေမှာဖြစ်ပါတယ်။

၅။ လေ့ကျင့်ခန်းစုံခြင်း
လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ Upper နဲ့ Lower Body Workouts ဆိုပြီး ခွဲလုပ်ရတာကို မကြိုက်ဘူး၊ အချိန်လည်းမပေးနိုင်ဘူးဆိုရင် Flying Yoga ဆော့ပါလို့ အကြံပေးချင်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားရ၊ အကြောဆန့်ရတာဖြစ်လို့ အပေါ်ပိုင်း၊ အောက်ပိုင်း ကြွက်သားတွေကို တစ်ချိန်တည်းမှာ တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
Lifestyle_Myanmar
ref-lifehack