တကယ်တော့ Depression လို့ခေါ်တဲ့ စိတ်ဓါတ်ကျခြင်းဟာ မေ့လျော့မထားသင့်တဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း စိတ်ဓါတ်ကျနေတဲ့ မိတ်ဆွေတွေ ရှိနေရင် သူတို့ကို ဂရုစိုက်ဖို့လိုပါတယ်။ အခုဆောင်းပါမှာ Depression ဝင်နေတဲ့ သူငယ်ချင်းကို ဘယ်လိုနှစ်သိမ့်သင့်သလဲဆိုတာကို အကြံပြုထားပါတယ်။
(၁) ရုန်းထွက်ဖို့အားပေးပါ
စိတ်ဓါတ်ကျတယ်ဆိုတာ ဟန်ချက်မညီဖြစ်သွားတဲ့ အခြေအနေတစ်ခုပါ။ ဒီအခြေအနေကို ဘယ်သူမှ ရွေးချယ်ခဲ့တာ မဟုတ်ဘူးဆိုတာ သိထားပေးဖို့လိုပါတယ်။ စိတ်လေနေတဲ့ မိတ် ဆွေတစ်ယောက်ယောက်နဲ့စကားပြောတိုင်း ဒီအခြေအနေကနေ ရုန်းထွက်ဖို့အတွက် လမ်းပြပါ။ အားပေးပါ။ စိတ်ဓါတ်ကျခြင်းဟာ အားလုံး ကြုံနိုင်တဲ့ အခြေအနေဖြစ်ပြီး ဒီအခြေအနေဟာ လက်ခံမထားသင့်တဲ့အရာလည်း ဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုသနားနေတာကို ရပ်တန့်ခိုင်းပါ
လူတွေမှာ ဖြစ်တတ်တဲ့ သဘောတရားတစ်ခုက တစ်ခုခုဆို ကိုယ့်အတွက်ကိုယ် ကြည့်လွန်းတာပါပဲ။ ကိုယ့်ကိုယ်ကို သနားလွန်း ငဲ့ကွက်လွန်းပြီး အတ္တနဲ့ကိုယ့်ကိုယ်ကို ကာကွယ်တတ်တာတွေ ရှိပါတယ်။ ဒီလိုလူတစ်ယောက် စိတ်ဓါတ်ကျနေတယ် လာပြောရင် မင်းကိုယ်မင်း သနားနေတာ လျှော့ဖို့ပြောသင့်ပါတယ်။
(၃) အခြေအနေမှန်ကို သိအောင်လုပ်ပါ
ဘာလို့စိတ်ဓါတ်ကျနေတာလဲဆိုတာ သိမှ သူ့ကို နှစ်သိမ့်တာ ပိုပြီးထိရောက်မှာ ဖြစ်ပါတယ်။ အကြောင်းရင်းမှန်ကို သိရပြီဆိုရင် အဖြေရှာဖို့ပိုလွယ်ပါတယ်။ တစ်ခါတစ်လေ စိတ်ဓါတ်ကျတယ် စိတ်ဓါတ်ကျတယ်ပြောနေတဲ့ မိတ်ဆွေကို ဘာအတွက် စိတ်ဓါတ်ကျတာလဲ မေးရင် ရေရေရာရာ မဖြေနိုင်တာတွေ့ရမှာပါ။ ဒါမျိုးအခြေအနေဟာ ကိုယ့်ကိုယ်ကို သိပ်ဗဟိုပြုလွန်းပြီး ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခုကို ဆောက်ချင်နေတဲ့ အခြေအနေမျိုးမှာ ဖြစ်တတ်ပြီး သဘောထားကြီးပြီး အမြင်ပိုကျယ်လာဖို့တိုက်တွန်းသင့်ပါတယ်။

(၄) စိတ်ရွှင်အောင် ထားပါ
စိတ်ဓါတ်ကျနေသူတိုင်း လိုအပ်နေတဲ့အရာဟာ သူတို့ကို အားပေးချီးမြှောက်မှုနဲ့အပြုံးပါပဲ။ တကယ်ရင်းနှီးချစ်ခင်တဲ့ မိတ်ဆွေတွေအကြားမှာ စိတ်ဓါတ်ကျခြင်းဟာ သက်သာရာရပါတယ်။ ထင်သလောက် ဆိုးမှာမဟုတ်ကြောင်းပြောပါ။

(၅) ဒါလည်း ပြီးသွားမှာပါ
နှစ်သိမ့်ခြင်းအတွက် လက်သုံးစကားတစ်ခုရှိပါတယ်။ ဆိုးဆိုးဝါးဝါး အခြေအနေတွေအတွက် ထုတ်ထားတဲ့ စကားဖြစ်ပြီး ထိရောက်မှူလည်း ရှိပါတယ်။ ဒါကတော့ ဒါလည်း ပြီးသွားမှာပါဆိုတဲ့ စကားပါပဲ။ အခုပြောတာတွေကတော့ သာမန်စိတ်အတက်အကျ ဖြစ်နေချိန်မှာ ပြောပေးသင့်တဲ့ စကားဖြစ်ပြီး စိတ်ပိုင်းထိခိုက်မှူတွေ ပြင်းထန်နေသူအတွက်တော့ စိတ်ကျန်းမာရေးအတိုင်ပင်ခံနဲ့တွေ့ဆုံပြီး စနစ်တကျ ဆေးဝါး ကုသမှူခံယူဖို့တိုက်တွန်းသင့်ပါတယ်။

Lifestyle_Myanmar
ref-healthline