Depression လို့ခေါ်တဲ့ စိတ်ကျခြင်းဝေဒနာဟာ များသောအားဖြင့် သက်ကြီးပိုင်းတွေမှာဖြစ်လေ့ရှိပေမယ့် ယနေ့ခေတ်လို အဘက်ဘက်က ဖိအားတွေနဲ့ ပြောင်းလဲလာတဲ့လူနေမှုပုံစံတွေကြောင့် လူငယ်ပိုင်းတွေမှာပါ စိတ်ကျခြင်းတွေဖြစ်လာတာတွေ့ရပါတယ်။ Depression ဆိုတာ ဘယ်လိုပုံစံမျိုးလဲ Depression ခံစားရပြီဆိုရင် ဘယ်လို လက္ခဏာတွေပြတတ်လဲ ဆိုတာ ဒီနေ့ဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။
(၁) သင့်ဘဝမှာ အကူညီမဲ့နေသလို မျှော်လင့်ချက်လုံးဝမရှိတော့သလို ခံစားလာရပြီး စိတ်ပျက်အားငယ်လာမယ်။
(၂) တစ်နေ့တာမှာ တက်ကြွလှုပ်ရှားမှု ဘာတစ်ခုမှမလုပ်ချင်ဖြစ်နေမယ်။ လေ့ကျင့်ခန်းလုပ်ခြင်း ၊ ဝါသနာပါတဲ့အရာတွေလုပ်ဆောင်ခြင်းနဲ့ လူမှုရေးလှုပ်ရှားမှုတွေ တစ်ခုမှလုပ်ချင်စိတ်မရှိတော့ဘဲ ပျော်ရွှင်မှုပျောက်ဆုံးနေသလို ခံစားလာရမယ်။

(၃) သင့်ခန္ဓာကိုယ်အလေးချိန်မှာ သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေ ဖြစ်လာမယ်။ ဥပမာ တစ်လအတွင်း ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းကျော်လောက်ကို ပြောင်းလဲသွားမယ်။ ရုတ်တရက် ကိုယ်အလေးချိန်ထိုးကျသွားတာမျိုး သို့မဟုတ် ကိုယ်အလေးချိန် ထိုးတက်လာတာမျိုးတွေဖြစ်လာမယ်။
(၄) အိပ်ချိန်တွေပြောင်းလဲလာမယ်။ ညဘက်တော်ရုံအိပ်မပျော်တာ ၊ မနက်အစောကြီး နိုးလာပြီး ပြန်အိပ်မရတာမျိုးတွေဖြစ်လာမယ်။
(၅) ပုံမှန်ထက် စိတ်တိုလွယ်လာမယ် ၊ တစ်ခုခုအဆင်မပြေတာကြုံလာရင် စိတ်ကိုထိန်းချုပ်ရခက်ခဲပြီး ပေါက်ကွဲလွယ်တဲ့ အထိအခိုက်မခံတဲ့ ပုံစံမျိုးဖြစ်လာမယ်။
(၆) တစ်နေ့တာမှာ အချိန်တော်တော်များများ အားအင်ကုန်ခမ်း မောပန်းနွမ်းနယ်သလိုခံစားနေရမယ်။ သေးသေးမွှားမွှား လှုပ်ရှားမှုလေးတွေလုပ်ရင်တောင် စွမ်းအင်ကုန်ခမ်းပြီးအရုပ်ကြိုးပြတ် ပင်ပန်းနွမ်းနယ်နေမယ်။

(၇) ကိုယ့်ကိုယ်ကို မုန်းတီးစိတ်တွေဖြစ်လာမယ်။ ကိုယ်ဟာ တန်ဖိုးမရှိတဲ့သူ အဖြစ်မရှိတဲ့သူ ဘာမှအသုံးမကျတဲ့သူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုထင်မြင်လာပြီး မုန်းတီးမိလာမယ်။
(၈) မဆင်မခြင်လုပ်ဆောင်မှုတွေ များလာမယ်။ စကားတစ်ခုကို ဘာမှမတွေးပဲ ပြီးပြီးရောပြောလိုက်တာမျိုး ၊ ယာဉ်မဆင်မခြင်းမောင်းနှင်တာမျိုး ၊ အန္တရာယ်ရှိတဲ့အရာတွေကိုလုပ်ဆောင်တာမျိုး စသဖြင့် အထိန်းကွပ်မဲ့သလိုဖြစ်လာမယ်။
(၉) အာရုံစူးစိုက်မှုကျဆင်းလာမယ်။ စဉ်းစားတွေးခေါ်ရတဲ့ အလုပ်တွေကိုရှောင်ကျဉ်လာမယ်။ မကြာခဏ မေ့မေ့လျော့လျော့ဖြစ်လာမယ်။ ဆုံးဖြတ်ချက်အမှားတွေ ချမိလာမယ်။

(၁၀) ခေါင်းကိုက်ခြင်း ၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း ၊ နောက်ကျောများနာကျင်နေခြင်း ၊ အစာအိမ်အောင့်ခြင်း စသည်ဖြင့် ရောဂါလက္ခဏာလဲ တိတိကျကျအဖြေထုတ်လို့မရတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာတွေ ခံစားလာရမယ်။
Lifestyle_Myanmar
ref-healthline