ဘယ်သူမှ ပြီးပြည့်စုံတဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းလူတိုင်းမှာ အနည်းဆုံးလိုအပ်ချက်သေးသေးလေးတစ်ခုစီတော့ ရှိတတ်ကြတာဖြစ်ပါတယ်။ လူသားချင်း လှောင်ပြောင်နိမ့်ချခြင်းဟာ အင်မတန်အကျည်းတန်ရုပ်ဆိုးတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် တော်တော်များများက ကိုယ့်ရဲ့အားနည်းချက်ကိုမေ့ပြီး တခြားသူတွေရဲ့ အားနည်းချက်တွေကိုသာ ထောက်ပြလှောင်ပြောင်ချင်ကြတာပါ။ သင့်အနေနဲ့ ဒီလိုမျိုး Body Shaming လုပ်ခံရတဲ့အခါ ဘယ်လိုအကောင်းဆုံးတုန့်ပြန်သင့်လဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ
ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိခြင်းဟာ ဘယ်လို Body Shaming လုပ်တဲ့အရာမျိုးမဆို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ကိုယ်ကဝတယ်ဆို ဝတယ်ဆိုတာကို လက်ခံထားပါ။ ဝလို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဖြစ်နေရင် သူများတွေဖိနှိပ်လာတဲ့အခါ ပိုပြီးဝမ်းနည်းရပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရဲ့အားနည်းချက်ကိုလက်ခံပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစွာ ဆက်လက်နေထိုင်ပါ။ သင့်အားနည်းချက်ဟာ ဘဝတစ်ခုလုံးအတွက် အရှုံးပေးစရာမဟုတ်ပါဘူး။

(၂) ကောင်းတဲ့ဘက်ကနေ တုန့်ပြန်ပါ
ကိုယ့်ကို စနောက်တာဖြစ်စေ ၊ အတည်ကြီးဖဲ့နေတာဖြစ်စေ ကိုယ်အနေနဲ့ ဒေါသကြီးစွာပြန်မတုန့်ပြန်ဘဲ ရယ်ရယ်မောမောနဲ့ ပြန်ပြောမယ်ဆိုရင် ကိုယ့်ကို Body Shaming လုပ်တဲ့သူကတောင်ပြန်ပြီး အားနာသွားပါလိမ့်မယ်။ ပြီးတော့ သင်ခံစားသွားရမယ်ဆိုရင် သူတို့ Body Shaming လုပ်တဲ့ဟာကလည်း အထမြောက်သွားသလိုဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့ အားနည်းချက်တစ်ခုခုကိုပြောလာခဲ့ရင် ဟုတ်တယ် ငါ့မှာတော့ ဒီလိုမျိုးအားနည်းချက်လေးတော့ရှိတယ်ကွာ ဆိုပြီးရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးပြန်တုန့်ပြန်ပါ။

(၃) ကိုယ်က ဦးအောင်ပြောပါ
မြန်မာလူမျိုးတွေတော်တော်များများ နှုတ်ဆက်တဲ့အခါ စကားဦးသမ်းတဲ့စကားက” နင်ဝ လာတယ်နော် ဘာဆေးတွေစားလို့လဲ” ဘာညာစသည့်ဖြင့်ရှိတတ်ပါတယ်။ ကြာလာတဲ့အခါ ဒီလိုစကားကြီးက Body Shaming လုပ်တယ်မထင်တော့ဘဲ နှုတ်ဆက်စကားတစ်ခုအဖြစ်အကျင့်ပါသွားတတ်ကြပါ တယ်။ သင့်အနေနဲ့ အဲ့လိုစကားတွေနဲ့ နှုတ်ဆက်တာမခံချင်ဘူးဆိုရင်တော့ စတွေ့တဲ့အချိန်ကတည်းက ငါတော့စားကောင်းသောက်ကောင်းနဲ့ အရင်ကထက်တောင်ဝလာပြီ စသည်ဖြင့်ကိုယ့်ဘက်ကဦးအောင်ပြောထားမယ်ရင် သူတို့အနေနဲ့ကိုယ့်ကို Body Shaming လုပ်မယ့်စကားမျိုးပြောဖို့ တွန့်ဆုတ်သွားပါလိမ့်မယ်။

(၄) သင့်ရဲ့ အားနည်းချက်ကို ချစ်ပါ
ကိုယ့်အပေါ် Body Shaming လုပ်လာတဲ့စကားတွေကို စိတ်ညစ်ခံပြီး ခံစားမနေပါနဲ့။ မသိချင်ယောင်ဆောင်လိုက်ပါ။ အဓိကသင့်ကိုသင် ချစ်နေဖို့ပါပဲ။အပေါ်မှာပြောခဲ့သလိုပဲ လူတိုင်းမှာ အနည်းဆုံးတော့ အားနည်းချက်တစ်ခုစီ ရှိတတ်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို နာကျည်းမုန်းတီးနေမယ်ဆိုရင် လက်ရှိဘဝကြီးကို သင်ပျော်ရွှင်တော့မှာမဟုတ်ပါဘူး။ အချိန်ကြာလာတဲ့အခါ စိတ်ကျရောဂါဝင်လာပြီး ဆိုးတဲ့အကျိုးရလဒ်တွေပဲဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်ရဲ့ အားနည်းချက်ဟာ ပြုပြင်လို့ရတဲ့အရာဆို အကောင်းဆုံးပြုပြင်ပါ။ လုံးဝပြုပြင်လို့မရတော့တဲ့ အရာတွေဆိုရင်လည်း နာကျည်းမုန်းတီးနေမယ့်အစား အကောင်းဆုံးလက်ခံပြီးချစ်ပေးပါ။

(၅) Body Shaming လုပ်တတ်တဲ့သူတွေကို အတတ်နိုင်ဆုံးရှောင်ပါ
ကိုယ့်ရဲ့ မိတ်တွေအပေါင်းအသင်းတွေထဲမှာလည်း ကောင်းတဲ့ သူတွေရှိသလို ကိုယ့်ရဲ့အားနည်းချက်ကို အမြဲဖော်ကောင်လုပ်ပြီး ရယ်မောချင်တဲ့သူတွေလည်းရှိပါတယ်။ တစ်ခါနှစ်ခါလောက် ကိုယ့်ရဲ့ အားနည်းချက်ကို ရယ်စရာအဖြစ် စနောက်တဲ့အခါ သည်းခံပေးလို့ရပေမယ့် တွေ့တိုင်းဒီလိုပဲစနေမယ်ဆိုရင်တော့ သေချာပါတယ် အဲ့ဒီလူဟာ မိတ်ဆွေကောင်း သူငယ်ချင်းကောင်း မဟုတ်တော့ပါဘူး။ ဒီလိုလူမျိုးတွေနဲ့ အပေါင်းအသင်းမလုပ်ဖြစ်အောင် အတတ်နိုင်ဆုံးရှောင်ပါ။

Lifestyle_Myanmar
ref-medium