တစ်ခါက ရွာတစ်ရွာမှာ အသားဟင်းငါးဟင်းလေးပါမှ ဆွမ်းမြိန်တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးရှိသတဲ့။ တစ်နေ့ကျတော့ ဒကာတစ်ယောက်က နောက်နေ့မှာ ဆွမ်းစားကြွခဲ့ဖို့ လာဖိတ်သတဲ့။ အဲ့တော့ ဘုန်းကြီးကလည်း ဆက်ဆက်ကြွခဲ့မယ်လို့ မိန့်တော်မူလိုက်သတဲ့။ ပထမဒကာပြန်သွားပြီး သိပ်မကြာခင်မှာပဲ ဒုတိယဒကာလာဖိတ်ပြန်သတဲ့။ နောက်နေ့ဆွမ်းစားကြွခဲ့ဖို့ပေါ့လေ။ ဘုန်းကြီးကလည်း လက်ခံလိုက်ပြန်သတဲ့။
ဒုတိယဒကာလည်း ပြန်သွားပြီးရော ဘုန်းကြီးက စဥ်းစားသတဲ့။ ပထမဒကာအိမ်ကို ကြွမယ်ဆိုရင်တော့ ချဥ်ပေါင်းဟင်းနဲ့ပဲ ဘုဥ်းပေးရမယ်။ နောက်ဒကာအိမ်မှာ ဘုဥ်းပေးရမယ်ဆိုရင်တော့ ၀က်သားဟင်းနဲ့ ဘုဥ်းပေးရမယ်ပေါ့လေ။ အမှန်တကယ်တော့ ဘုန်းကြီးတို့ရဲ့၀ိနည်းအရ ပထမပင့်တဲ့ဒကာနောက်ကိုပဲ လိုက်ရတယ်တဲ့(ကြားဖူးတာ)။ အဲ့တော့ ၀က်သားဟင်းဘုဥ်းချင်တဲ့ ဘုန်းကြီးလည်း ညဏ်နီညဏ်နက် ညဏ်စိမ်းတွေပါ ထုတ်သတဲ့။
နောက်နေ့လည်း ရောက်ရော ဖြစ်ချင်တော့ လာပင့်တဲ့ဒကာနှစ်ယောက်က ဆုံနေသတဲ့။ အဲ့တော့ဘုန်းကြီးလည်း မနေ့ကမှ ချက်ချင်းရေးဆွဲလိုက်တဲ့ သူ့ရဲ့မဟာစီမံကိန်းကြီးထုတ်သုံးရတော့တာပေါ့။ ”ကဲ ဒကာတို့၊ ဘုန်းကြီးကလည်း နှစ်ယောက်စလုံးကို လက်ခံထားမိပြီ၊ ဘုန်းကြီးတို့မည်သည် မျက်နှာလိုက်လို့လည်းမသင့်တော်ဘူး(တစ်ကိုယ်လုံးလိုက်မှ)၊ ကဲကွယ်မျှမျှတတဖြစ်သွားအောင် ဒကာတို့နှစ်ယောက်က ကိုယ့်တော့်လက်နှစ်ဖက်ကို တစ်ယောက်တစ်ဖက်စီဆွဲကြ။ ကိုယ်တော့်ကို ပါအောင်ဆွဲနိုင်တဲ့သူနောက် လိုက်ခဲ့မယ်”လို့ မိန့်သတဲ့။
ဒကာနှစ်ယောက်ကလည်း ဘုန်းကြီးကို ပင့်ချင်ဇောနဲ့ သူ့ဘက်ပါအောင် ကိုယ့်ဘက်ပါအောင်ဆိုပြီးတော့ တစ်ယောက်တစ်ဖက်စီ အတင်းအဓမ္မဆွဲကြသတဲ့။ ၀က်သားဟင်းဘုဥ်းချင်တဲ့ဘုန်းကြီးကတော့ ဒုတိယဒကာဘက်ကို ကိုယ်လုံးကြီးပစ်ပစ်ပေးပြီးတော့ ပထမဒကာဘက်ကျတော့ ခြေထောက်ကို ကျားကန်ကန်ထားသတဲ့။ ပြိုင်ပွဲက မမျှဘဲ ၂-၁ဖြစ်နေတာပေါ့။
ချွေးဒီးချွေးပေါက်ကျအောင် ဆွဲနေကြရင်းနဲ့ ချဥ်ပေါင်ဒကာက ဘုန်းကြီးရဲ့ အထာကို သဘောနပ်လာသတဲ့( အေး ဒါမှမနပ်ရင်လည်း ဘာခရမ်းမို့လဲ) ။ ” ဒီဘုန်းကြီးကတော့ ညဏ်ရောင်စုံဆင်ထားပြီ ငါပညာပြန်ပေးမှ”လို့ ဆွဲထားရင်းက စဥ်းစားသတဲ့။
ချက်ချင်းဆိုသလိုပဲ ညဏ်အလင်းတွေပေါက်ရောက်သွားတဲ့ ချဥ်ပေါင်ဒကာဟာ စာချိုးလေးတစ်ခုရွတ်လိုက်သတဲ့။ အဲ့ဒီ့ စာချိုးက ”ချဥ်ပေါင်ကိုကာပြန်၊ ၀က်သားထံခြေကန်ရုန်း၊ သွားရော့ကတုံး”တဲ့။ စာချိုးပြီးပြီးချင်းမှာပဲ အသားကုန်ဆွဲထားတဲ့ကိုယ်တော့်လက်ကို ချက်ချင်းလွှတ်ချလိုက်သတဲ့။ နှစ်ဦးသား အဲ နှစ်ပါးသား (မသိတော့ဘူး) ပလုံးပထွေးနဲ့ ကြည့်ကောင်းမြင်ကောင်းလေး လဲကျသွားပါလေရော။
တင်ပါးဆုံရိုးခိုက်သွားပြီတော့ ဘူမသိ ကိုးမသိတဲ့ ၀က်သားဒကာက ၀မ်းသာအားရနဲ့ ”ဆရာတော်ဘုရား အဆင်ပြေရဲ့လား ဘုရား တပည့်တော်နိုင်ပြီဘုရာ့”လို့ လျှောက်တင်သတဲ့။ ”၀က်သားဟင်းတော့ ဘုဥ်းရချည်သေးရဲ့”လို့ တစ်ဖက်က တွေးရင်း ”ခြေခွင်သွားရုံကလွဲလို့ အရာအားလုံးအကောင်းတိုင်းပါပဲ ဒကာကြီးရယ်”လို့ နာကျင်ပြုံးလေးနဲ့ မိန့်တော်မူသည်ဟူသတတ် ။
Lifestyle_Myanmar
Nyein_Thu