ခန္ဓာကိုယ်အတွက် အရေးအကြီးဆုံး ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေအနက် ကျောက်ကပ်မှပြဿနာရှိနေတဲ့အခါ သတိပြုဖို့ ခက်ခဲနိုင်ပါတယ်။ အမျိုးသား ကျောက်ကပ်နှင့် အစာအိမ် ရောဂါကုသမှုအဖွဲ့အစည်း၏ ပညာရှင်ရဲ့အဆိုအရ လူအများစုဟာ ကျောက်ကပ်ရောဂါဖြစ်လာရင် သတိမပြုမိတတ်ကြပဲ ပြဿနာအဆင့်ကြီးထွားလာမှသာ သိရှိတတ်ကြတာကြောင့် ကျောက်ကပ်ပျက်စီးခြင်းကို ကြုံတွေ့နေကြကြောင်း သိရှိရပါတယ်။
ကျောက်ကပ်ရောဂါဟာ တဖြည်းဖြည်းဆိုးဝါးလာတဲ့ ရောဂါအမျိုးအစားဖြစ်ပါတယ်။ သေသေချာချာမကူသပဲ ပြန်ပြီးသက်သာသွားတယ်လို့ မရှိပါဘူး။ ဒါကြောင့် နောက်မကျခင်ကုသနိုင်ဖို့အတွက် ကျောက်ကပ်ပျက်စီးမှုရဲ့ ထင်ရှားတဲ့ လက္ခဏာရပ်တွေကို သိရှိနိုင်ဖို့အတွက် ပညာရှင်က အကြံပြုခဲ့ပါတယ်။
၁။ သင့်ရဲ့အရေပြားက ယားယံပြီး ခြောက်သွေ့လာတယ်
ကျန်းမာနေတဲ့ ကျောက်ကပ်ဟာ သင့်ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓါတ်ပမာဏကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် လုပ်ဆောင်ပေးပါတယ်။ ကိုယ်ခန္ဓာအတွက် ဆဲလ်ဖွဲ့စည်းမှု၊ တစ်ရှုး၊ အရိုးနဲ့ အင်္ဂါတွေအတွက် ကိုယ်တွင်းက မလိုအပ်တဲ့အဆိပ်အတောက်တွေကို ကျောက်ကပ်ကဖယ်ရှားပေးပြီး တကယ်လို့ သင့်ရဲ့ကျောက်ကပ်ပျက်စီးနေတဲ့အခါ၊ အဆိပ်တွေကို မဖယ်ရှားနိုင်တော့သလို အာဟာရညီမျှမှုကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်စွမ်း မရှိတော့တာကြောင့်
သင့်ရဲ့အရေပြားဟာ စတင်ပြီး ယားယံခြင်း၊ ခြောက်သွေ့ခြင်းတို့ ဖြစ်လာစေတာပါ။ ကျောက်ကပ်ချို့ယွင်းခြင်းကြောင့် နာတာရှည်ရေဓါတ်မလုံလောက်မှု၊ အရည်တွေကိုဖယ်ရှားခြင်းထက် စုပ်ယူမှုပိုများလာခြင်းတို့ ဖြစ်စေပါတယ်။ သင့်ခန္ဓာကိုယ်ရဲ့အရည်တွေ ဆုံးရှုံးရတဲ့အခါ အရေပြားကခြောက်သွေ့လာပြီး အသားအရေစိုပြေစေတဲ့ အဆီဓါတ်ခမ်းခြောက်သွားစေပါတယ်။ အရမ်းပူတဲ့ရေနဲ့ ရေချိုးခြင်းဟာလည်း သင့်အရေပြားကို ခြောက်သွေ့စေနိုင်တဲ့အတွက် ရှောင်ကျဉ်ဖို့ကိုလည်း ပညာရှင်က တိုက်တွန်းခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆိုးဆိုးဝါးဝါးခြောက်သွေ့နေတယ်ဆိုရင်တော့ ဆေးစစ်ချက်ယူသင့်ပြီး တကယ်လို့ကျောက်ကပ်ကြောင့် ဖြစ်တယ်ဆိုရင် အချိန်မှီ ဆေးကုသမှုရယူသင့်ပါတယ်။
၂။ သင့်ရဲ့မျက်လုံးမှာ မကြာခဏမို့မောက်နေတတ်တယ်
ကျောက်ကပ်ရောဂါဟာ မျက်လုံးနဲ့ဆက်စပ်နေတတ်ပါတယ်။ National Kidney Foundation ရဲ့အဆိုအရ မနက်ခင်းသင်နိုးလာတိုင်း သင့်ရဲ့မျက်လုံးအမြဲတမ်းရောင်ရမ်းမို့မောက်နေခြင်းဟာ ကျောက်ကပ်ပြဿနာရှိတာကြောင့် ဖြစ်နိုင်လို့ ဂရုစိုက်ဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။ ကျောက်ကပ်ဟာ အာဟာရတွေကို စစ်ထုတ်မှုပေးနေတဲ့ အစိတ်အပိုင်းဖြစ်ပြီး filter မကောင်းတဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ ပရိုတိန်းတွေ ယိုစိမ့်လာပါတယ်။
တကယ်လို့ သင့်ရဲ့ဆီးကိုစစ်ကြည့်တဲ့အခါ ဆီးထဲမှာ proteinuria ပမာဏများပြားနေရင် ကျောက်ကပ်ရောဂါဖြစ်နေတာကို သိရှိနိုင်ပြီး သင့်ရဲ့သွေးထဲမှာ ပရိုတိန်းပမာဏလျော့ကျနေတတ်ပါတယ်။ ဒီလလိုအခြေအနေကို ဆေးပညာအခေါ်အခေါ်ဝေါ်အရ nephrotic syndrome လို့ခေါ်ပါတယ်။ ဒီလိုဖြစ်လာတာနဲ့အမျှ သွေးဖိအားများခြင်း၊ သွေးပျစ်ခြင်း၊ ကိုလက်စထရောများပြားခြင်းနဲ့ ခြေထောက်တွေမှာ သွေးခဲခြင်းနဲ့ ယောင်ယမ်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
၃။ ညတွေမှာဆိုရင် မကြာခဏကြွက်တက်ခြင်းကို ခံစားရနိုင်တယ်
သင့်ခန္ဓာကိုယ်ရဲ့ electrolyte ပမာဏမညီမျှခြင်းကြောင့် ညအချိန်တွေမှာ မကြာခဏကြွက်တက်ခြင်းကို ခံစားရနိုင်ပါတယ်။ ဒီလိုမညီမျှခြင်းကြောင့် ကြွက်တက်ခြင်းဟာ ကျောက်ကပ်ပြဿနာကို ဖြစ်စေတာမဟုတ်ပေမယ့် ကျောက်ကပ်ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့အခါမျိုးမှာ ဖြစ်လေ့ရှိပါတယ်။
သင့်ခန္ဓာကိုယ်ရဲ့ electrolyte တွေဖြစ်စေဖို့အတွက် ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်၊ ကလိုရင်း၊ ဖော့စဖိတ် နဲ့ ပိုတက်စီယမ်တို့က ပြုလုပ်ပေးပါတယ်။ ဒီလိုအရာတွေ တိုးပွားစေဖို့အတွက် သင်သောက်တဲ့အရည်၊ စားတဲ့အစားတွေကနေ တိုးပွားစေပြီး သင့်ခန္ဓာကိုယ်တွင်း ရေဓါတ်နဲ့ အက်ဆစ်ကိုညီမျှအောင် ဆောင်ရွက်ပေးပါတယ်။ Electrolyte အရမ်းများခြင်း၊ သို့မဟုတ် အရမ်းနည်းခြင်းဖြစ်တဲ့အခါ သင့်ခန္ဓာကိုယ်ရဲ့ ရေဓါတ်နဲ့အက်ဆစ်ဓါတ် ပြောင်းလဲမှုအခြေအနေတွေ
ဖြစ်လာပါတော့တယ်။ ဒီလိုပြောင်းလဲမှုကြောင့် ကြွက်သားတွေမှာ ပြဿနာရှိလာပြီး ယခုလိုလက္ခဏာတွေကို ခံစားရတာဖြစ်ပါတယ်။ ဒါကြောင့် ကြွက်တက်မှုတွေ မကြာခဏကြုံခဲ့ရင် မပေါ့ဆသင့်ပဲ ဆေးစစ်ချက်ရယူပြီး ကုသဖို့ လိုအပ်ပါတယ်။
၎။ အိပ်စက်ခြင်းပြဿနာတွေနဲ့ စွမ်းအင်ကုန်ခမ်းသလို ခံစားရမယ်
အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေကို စောင့်ရှောက်ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျောက်ကပ်မကောင်းတော့တဲ့အခါ ကိုယ်တွင်းမှာ အဆိပ်တွေများနေတာကြောင့် သင့်ရဲ့အိပ်စက်ခြင်းသံသရာကို ရှုပ်ထွေးစေပါတယ်။ ညအချိန် ၅နာရီထက်နည်းပါစွာပဲ အိပ်စက်ရသူတွေဟာ ကျောက်ကပ်ပြဿနာဆိုးဆိုးရွားရွား ကြုံတွေနေတတ်ကြကြောင်း ပညာရှင်တွေက ဆိုပါတယ်။ ဒီလိုအိပ်ချိန်မပြည့်ဝမှုကြောင့် စွမ်းအင်တွေကုန်ခမ်းပြီး အားအင်မရှိသလို ခံစားနေရတတ်ပါတယ်။ ဒါကြောင့် အိပ်မပျော်တဲ့ညတွေ များတဲ့အခါမှာလည်း မပေါ့ဆသင့်ပါဘူး။
၅။ သင့်ရဲ့ဆီးဟာ သွေးလိုနီမြန်းနေပြီး အမြှပ်အရမ်းထနေတတ်တယ်
တကယ်လို့သင့်ဆီးဟာ နီမြန်းခြင်းအမြှပ်အရမ်းထနေခြင်း၊ သို့မဟုတ်ဆီးသွားဖို့အရမ်းကို ခက်ခဲခြင်းဖြစ်ပေါ်နေပါက သင့်ဆီးမှာပရိုတိန်းယိုစိမ့်မှု ဖြစ်နေတတ်တာကြောင့် မပေါ့ဆပါနဲ့။ ယခုလိုအခြေအနေမျိုးကြုံတဲ့အခါ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးစစ်ချက်ကို ရယူပါ။
ကျောက်ကပ်ရောဂါကိုကာကွယ်နိုင်ဖို့အတွက်
၁။ မှန်ကန်အောင်စားသောက်ပြီး ကိုယ်အလေးချိန်ကို ဂရုစိုက်ပါ
၂။ အငန်နဲ့အချို စားသုံးမှုကို လျှောချပါ
၃။ သွေးထဲမှသကြားဓါတ်ကို စစ်ဆေးပေးပါ
၎။ သွေးပေါ်ချိန်ပုံမှန်တိုင်းပါ
၅။ အရည်များများသောက်ပါ
၆။ အရက်နဲ့ဆေးလိပ်ကို ရှောင်ကျဉ်ပေးပါ
တကယ်လို့သင့်မှာ နှလုံးရောဂါ၊ သွေးတိုးနဲ့ ဆီးချိုရောဂါတို့ ရှိဖူးခဲ့ပါက ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် ဆေးစစ်ပြီး ကုသမှုခံယူဖို့ ဂရုစိုက်ပေးပါ။
LM_Naung_Naung
Lifestyle_Myanmar