ရိုးရှင်းပြီး အမှားကင်းတဲ့ဘဝဟာ နေပျော်တဲ့ဘဝလို့ ဆိုနိုင်ပါတယ်။ ရိုးရှင်းတဲ့ ဘဝပုံစံဆိုတာ ဟန်ချက်ညီပြီး လူအများလက်ခံတဲ့ စံတွေနဲ့သွေဖယ်မသွားတဲ့ဘဝ ၊ ကိုယ့်လုပ်ရပ်ကြောင့် ကျေနပ်နေတဲ့ဘဝပုံစံ ဖြစ်ပါတယ်။ ဒီဘဝပုံစံံမှာ ငွေ ၊ အာဏာနဲ့အခွင့်ထူးခံဘဝမျိုး မဟုတ်တောင် ကိုယ့်ဘဝကို ပြန်တွေးတိုင်း ပျော်နေရတဲ့ဘဝပုံစံပါ။ တကယ်လို့အေးဆေးတည်ငြိမ်ပြီး နောင်တနည်းတဲ့ဘဝမျိုးကို သွားမယ်ဆိုရင်တော့ ဒီအချက်တွေ လိုက်နာဖို့လိုပါတယ်။
(၁) အချိန်မှန်ပါစေ
တစ်ယောက်ယောက်နဲ့ ချိန်းထားရင်ပဲဖြစ်ဖြစ် အလုပ်သွားကျောင်းသွားတာပဲဖြစ်ဖြစ် နောက်ကျတာမျိုး ဘယ်တော့မှ မဖြစ်အောင် ဝီရိယထားသင့်ပါတယ်။ အချိန်မှန်ခြင်းဟာ ကိုယ့်ကိုယ်ကိုရော ကိုယ်နဲ့ဆက်ဆံသူတွေအတွက်ပါ လေးစားမှုပြတာ ဖြစ်သလို အချိန်ကို လေးစားခြင်းကပဲ သူ့ရဲ့ ဂုဏ်တစ်ခု ဖြစ်လာပါတယ်။ အချိန်တိကျမှု ရှိခြင်းကြောင့်ပဲ အရေးကြီးတဲ့ အရာတွေကို လက်မလွတ်တော့ဘဲ ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုလည်း အစီအစဉ်တကျနဲ့ ချောချောမွေ့မွေ့ ပြီးမြောက်စေနိုင်ပါတယ်။

(၂) ကတိမြဲပါစေ
ကတိပေးပြီးပြီဆိုရင်တော့ အဲဒီကတိဟာ ဘယ်လောက်ပဲ သေးငယ်တဲ့ ကတိဖြစ်ပါစေ တည်အောင်ကြိုးစားပါ။ ကတိမြဲသူရဲ့ ဆိုစကားတစ်ခွန်းကို လူတိုင်း အလေးထားကြတာ ကျွန်မတို့တွေ့ဖူးကြမှာပါ။ ရိုးရှင်းပြီး တည်ငြိမ်တဲ့ ဘဝကို သွားမယ်ဆိုရင် ကိုယ့်ပုံရိပ်ကို တည်ဆောက်ရာမှာ ပိုပြီး အားစိုက်ရပါတယ်။ ကတိထားခြင်းကိုလည်း တတ်နိုင်သမျှ စိစစ်ဖို့နဲ့ ကတိပေးပြီဆိုလည်း တည်စေဖို့ကိုယ့်ကိုယ်ကို အမြဲသံပတ်တင်းထားသင့်ပါတယ်။

(၃) လိုအပ်ရင် အကူအညီတောင်းပါ
အကူအညီတောင်းခြင်းဟာ ရှက်စရာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ်ကို သူများဆီက အကူအညီယူမှ ဖြစ်မယ့်အခြေအနေမျိုးရောက်မှ အကူအညီတောင်းသင့်ပါတယ်။ အလားတူပဲ ကိုယ်ကကူညီနိုင်တဲ့ အခြေအနေမျိုးမှာ ကိုယ့်ကို အကူအညီလာတောင်းသူတွေကိုလည်း တတ်နိုင်သမျှ ကူညီပေးသင့်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီခြင်းဟာ အပြန်အလှန် စောင့်ရှောက်ခြင်းတစ်မျိုးဖြစ်ပြီး ဒီလိုနည်းနဲ့ လောကမှာ အသုံးဝင်သူတွေအဖြစ် ကိုယ့်ကိုယ်ကို ပြသနေတာလည်း ဖြစ်ပါတယ်။

(၄) ပကာသနတွေ လျှော့နိုင်သမျှ လျှော့ပါ
ဇိမ်ခံပစ္စည်းတွေဟာ အမြဲတမ်း လိုချင်စရာကောင်းပါတယ်။ ဒါကြောင့်ပဲ ကားကုမ္ဗဏီတွေဟာ ဘယ်နှစ်ခုနှစ် မော်ဒယ် ဘာညာဆိုပြီး ကားတွေကို အမျိုးမျိုး အသစ်ထုတ်ကြ ၊ ဖုန်းကုမ္ဗဏီတွေဟာ ဖုန်းသစ်မှာ ဘယ်လို Features တွေ အသစ်ပါပါတယ်ဆိုပြီး ကြော်ငြာကြလာပါတယ်။ တကယ်တော့ လုံလောက်တယ်ဆိုတာထက် ပိုပြီး လိုချင်ကြပါတယ်။ ဒါကြောင့်ပဲ ဘဝကို မကျေနပ်နိုင်ကြတာပါ။ ကိုယ့်ရဲ့ လက်ရှိဘဝကို မကျေနပ်နိုင်တဲ့သူဟာ ကိုယ့်ကိုယ်ကိုလည်း စိတ်ချမ်းသာအောင် မထားနိုင်သလို ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ငြူစူပြီး ဆင်းရဲအောင် လုပ်လေ့ရှိပါတယ်။ မလိုအပ်ဘဲ သုံးဖြုန်းပလွှားခြင်းကို လျှော့မယ်ဆိုရင် နေ့စဉ်ဘဝမှာလည်း ဝန်ပေ့ါသွားသလို စိတ်လည်း ရွှင်လန်းလာပါလိမ့်မယ်။

(၅) ရိုးသားမှုရှိပါ
ကိုယ်ပေးလိုက်တဲ့ အရာတွေအတွက် ရိုးသားပါ။ ကိုယ့်နေထိုင်မှု ဘဝပုံစံအတွက် ရိုးသားပါ။ ကိုယ်နဲ့ ဆက်စပ်ပေါင်းသင်းနေသူတွေကို ရိုးသားပါ။ အရေးကြီးဆုံးက ကိုယ့်ရဲ့ စိတ်နဲ့အကျင့်အကြံကို အမြဲ ရိုးသားမှန်ကန်စေဖို့ ပြုပြင်နေဖို့ပါပဲ။
Lifestyle_Myanmar
ref-psychologytoday