ပညာရှာတဲ့အရွယ်မှာလည်း ကျောင်းစာတွေကို ငြီးငွေ့စွာလုပ်ရ၊ ဟော… ကျောင်းပြီးလို့ လုပ်ငန်းခွင် ဝင်ပြန်တော့လည်း မနက် အိပ်ရာထ၊ ရုံးတက်၊ ညနေ အိမ်ပြန်ရောက်၊ နောက်တစ်နေ့ ရုံးပြန်တက်နဲ့ ဘဝကြီးက သံသရာလည်နေတာပါ။ တဖြည်းဖြည်းနဲ့ အသက်ကြီးလာတော့ ကိုယ်ပြုလုပ်ချင်တဲ့အရာတွေထက် ပြုလုပ်သင့်တဲ့ အရာတွေကိုဦးစားပေးလိုက်ရတာပါပဲ။ အကျိုးဆက်အနေနဲ့ ကိုယ့်လုပ်တဲ့အလုပ်က ထင်သလောက် ပေါက်ရောက် အောင်မြင် ခြင်းမရှိပါဘူး။
ဒါဆိုရင် အသက်ကြီးလာမှ ကြိုးစားရင် အောင်မြင်နိုင်ပါ့မလား။
သတင်းကောင်းတစ်ခုကတော့ ကြိုးစားမှုအတွက် နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဒါဆိုရင် အောင်မြင်ဖို့အတွက် ဘယ်လိုအတွေးတွေကို ဖျောက်ဖျက်ပစ်ရမလဲ။
၁။ ငါက အရမ်းအသက်ကြီးနေပြီ။
“အခုအချိန်မှ စကြိုးစားရင်တောင် အသက်အရွယ်က ရနေပြီဆိုတော့ အောင်မြင်ဖို့အလားအလာရှိမှာမဟုတ်တော့ပါဘူးလေ” ဆိုပြီး လက်လျော့ချင်တဲ့အတွေးတွေကို အဝေးဆုံးသာ လွှင့်ပစ်လိုက်ပါ။ အောင်မြင်မှုအတွက် အသက်အရွယ်အကန့်အသတ် မရှိပါဘူး။ ကိုယ် ကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မှုအသီးအပွင့်ကို ခံစားရမှာပဲဖြစ်ပါတယ်။

၂။ ငါ့မှာ ပိုက်ဆံမှ လုံလုံလောက်လောက် မရှိတာ။
ဆင်းရဲတဲ့ဘဝကနေ မီးကုန်ယမ်းကုန်ကြိုးစားခဲ့ကြလို့ အောင်မြင်နေတဲ့သူဌေးတွေ တစ်ပုံကြီးပါပဲ။ ပိုက်ဆံမှ မရှိတာလို့ ထိုင်ညည်းနေမယ့်အစား ပိုက်ဆံရအောင် ဘယ်လိုကြိုးစားမလဲ၊ ကိုယ်ကြိုးစားလို့ ရလာတဲ့ ပိုက်ဆံကို အကျိုးရှိရှိဘယ်လိုအသုံးချမလဲဆိုတာ စဉ်းစားရမှာပါ။ ကိုယ့်မှာရှိတဲ့ ပိုက်ဆံကို အကျိုးရှိရှိအသုံးချတတ်ဖို့ကလည်း လူတိုင်းတတ်ထားသင့်တဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။

၃။ မနက်ဖြန်မှ လုပ်မယ်။
ဒီနေ့လုပ်လို့ရရဲ့သားနဲ့ မနက်ဖြန်မှ လုပ်မယ်၊ နောက်နေ့မှ လုပ်မယ်ဆိုပြီး အချိန်ဆွဲတတ်တဲ့အလေ့အကျင့်ကို ဖျောက်ဖျက်နိုင်ရပါမယ်။ ဒါဆိုရင်တော့ သင့်ဘဝအတွက် အောင်မြင်မှုနဲ့တဖြည်းဖြည်းနီးကပ်လာပြီပဲဖြစ်ပါတယ်။ ဒီလို အချိန်ဆွဲတတ်တဲ့အကျင့်ဆိုးကို မဖျောက်နိုင်ဘူးဆိုရင်တော့ အချိန်တွေက အကျိုးမရှိဘဲ အလဟဿကုန်ဆုံးနေမှာပဲဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့အချက် (၃) ချက်ကို အတွေးထဲလုံးဝ မရောက်လာအောင် တွန်းထုတ်နိုင်မယ်ဆိုရင်တော့ အောင်မြင်မှုက သင့်အတွက်ပဲဖြစ်ပါတယ်။
Lifestyle_Myanmar
ref-thriveglobal