ပိတ်ရက်တွေမှာ အပြင်သွားစရာမရှိလို့ အိမ်မှာပဲနေနေရတဲ့အချိန်တွေမှာ ပျင်းရိငြီးငွေ့ခြင်းတွေ လျော့နည်းစေဖို့ ပျော်စရာကောင်းတဲ့ အရာလေးတွေကိုတော့ သင်ကိုယ်တိုင်ပြုလုပ်လို့ရနိုင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးကနေပြီးတော့ အိမ်မှာနေရင်းနဲ့ သင့်ကိုပျော်ရွှင်မှုပေးနိုင်မယ့် အရာလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) DIY Projects လေးတွေလုပ်ပါ
DIY ရဲ့အရှည်ကောက်ကတော့ “Do it yourself” ပါ။ သင့်အိမ်မှာ အသုံးမလိုတော့တဲ့ အသုံးအဆောင်ပစ္စည်းတွေ မဝတ်ဖြစ်တော့တဲ့ အဝတ်အစားတွေကို ပြန်လည်ပြုပြင်ပြီး အသုံးပြုလို့ရမယ့် ပစ္စည်းတစ်ခုအဖြစ်ပြောင်းလဲခြင်းကို DIY လို့ပြောကြတာဖြစ်ပါတယ်။ DIY Projects လေးတွေလုပ်ဆောင်တာက အပျင်းပြေစေမယ့်နည်းလမ်းကောင်းဖြစ်သလို သင့်ရဲ့ဖန်တီးမှုစွမ်းရည်ကိုလည်း တိုးတက်လာစေနိုင်ပါတယ်။

(၂) ငယ်ဘဝဓာတ်ပုံတွေပြန်ကြည့်ပါ
ဓာတ်ပုံဆိုတာ မမေ့နိုင်စရာအမှတ်တရတွေ ကြည်နူးပျော်ရွှင်စရာတွေ စုစည်းထားတဲ့ အရာလေးတစ်ခုလို့ပြောရင်မမှားနိုင်ပါဘူး။ ကိုယ့်ရဲ့ကလေးဘဝ ငယ်ငယ်တုန်းက ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေကို ပြန်ကြည့်တဲ့အခါ ကလေးဘဝကရရှိခဲ့တဲ့ ပျော်စရာကြည်နူးစရာ အမှတ်တရတွေကို ပြန်လည်ခံစားရစေပါတယ်။ ဒါကြောင့် အိမ်တွင်းအောင်းကာလမှာ ပျင်းရိငြီးငွေ့နေတယ်ဆိုရင် ငယ်ဘဝဓာတ်ပုံအယ်လ်ဘမ်လေးကိုသာ ဖွင့်လိုက်ပါ။

(၃) အွန်လိုင်းပေါ်ကခရီးသွားပါ
လူတိုင်းလူတိုင်း ဘဝမှာ နိုင်ငံခြားအလည်အပတ်ခရီးစဉ်အဖြစ်နဲ့ အသွားချင်ဆုံး နိုင်ငံတစ်နိုင်ငံတော့ ရှိတတ်ကြပါတယ်။ ကုန်ကျစရိတ်လုံးဝမရှိပဲ အန္တရာယ်ကင်းကင်း ခရီးသွားနိုင်မယ့်နည်းလမ်းတစ်ခုက အွန်လိုင်းပေါ်ကနေ ခရီးသွားဖြစ်ပါတယ်။ ကိုယ်သွားချင်တဲ့နိုင်ငံကို အွန်လိုင်းပေါ်ကနေရှာပြီး အဲ့ဒီနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ အထင်ကရနေရာတွေ အစားအသောက်တွေ စတဲ့ အရာတွေကို လေ့လာထားမယ်ဆိုရင် အကယ်၍တစ်ချိန် ကိုယ်တကယ်သွားရောက်လည်ပတ်တဲ့အခါမှာ ရင်းနှီးကျွမ်းဝင်မှုရှိနေမှာဖြစ်ပါတယ်။

(၄) မိသားစုနဲ့အတူတူမုန့်လုပ်စားပါ
ချစ်ရတဲ့ မိသားစုနဲ့အတူ အရသာရှိတဲ့မုန့်လေးတွေ လုပ်စားရတာကလည်း ပျော်ဖို့ကောင်းတဲ့ နည်းလမ်းတစ်ခုဖြစ်မယ်ဆိုတာ သေချာပါတယ်။ မိသားစုဝင်တွေအားလုံး အတူတူတက်ညီလက်ညီ ချက်ကြပြုတ်ကြ ပျော်ပျော်ပါးပါး စားကြသောက်ကြတာက မိသားစုဝင်တွေကြားမှာ အမှတ်တရတွေ ချစ်ခြင်းမေတ္တာတွေ ပိုတိုးလာစေမှာဖြစ်ပါတယ်။ ဒါကြောင့် အိမ်မှာနေရတဲ့အချိန်တွေမှာ ချစ်ရတဲ့ မိသားစုနဲ့ အတူတူ အရသာရှိတဲ့ စားသောက်ဖွယ်ရာလေးတွေကို ချက်ပြုတ်စားသောက်ဖို့ အကြံပြုချင်ပါတယ်။

Lifestyle_Myanmar
ref-thecut