“ပိုက်ဆံစုခြင်း” ဆိုတဲ့ ခေါင်းစဥ်နဲ့ ရှာဖွေမယ်ဆိုရင် အဖက်ဖက်က အသုံးဝင်တဲ့ နည်းလမ်းကောင်းတွေ အများကြီးထွက်လာမှာပါ။ ဒီနည်းလမ်းတွေထဲက တချို့ကို အခုလက်ရှိမှာ သင့်ကျင့်သုံးကောင်း ကျင့်သုံးနေနိုင်သလို တစ်ဖက်မှာလည်း အခုချိန်ထိကို ထိထိရောက်ရောက် ပိုက်ဆံမစုဖြစ်သေးသူတွေလည်း ရှိကောင်းရှိနေနိုင်ပါသေးတယ်။ တကယ်သာ သေချာစိတ်ပိုင်းဖြတ်ပြီး ပိုက်ဆံစုမယ်ဆိုရင် ဒီလုပ်ရပ်ဟာ ဘာမှမခက်ခဲပါဘူး။ ကိုယ့်တစ်နေ့တာ လူနေမှုဘဝထဲက အလေ့အကျင့်တချို့ကို ပြင်ဆင်လိုက်ရုံနဲ့ ပိုက်ဆံသာမဟုတ်ဘဲ အချိန်ကိုပါ အများကြီးချွေတာနိုင်ရာရောက်မှာဖြစ်ပါတယ်။ ဒါတွေသာမက ကျန်းမာရေးနဲ့ နေထိုင်မှုဘဝကိုလည်း ကောင်းကျိုးတွေဖြစ်စေနိုင်မှာပါ။
၁. ဈေးဝယ်မထွက်ခင် ကော်ဖီဝယ်မသောက်ပါနဲ့
ကဖိန်းဓာတ်ဟာ သင်ဘယ်လောက်ပိုက်ဆံသုံးတယ်၊ ပစ္စည်းအရေအတွက် ဘယ်နှစ်ခုလောက် ဝယ်ဖြစ်မလဲဆိုတာပေါ်မှာ သက်ရောက်မှုရှိနေတယ်လို့ သုတေသနတစ်ခုက ဖော်ပြထားပါတယ်။ သုတေသနတစ်ခုအတွင်းမှာ ကော်ဖီတစ်ခွက်သောက်ပြီးမှ ဈေးဝယ်ထွက်သူဟာ ရေသောက်ပြီး ဈေးဝယ်ထွက်သူထက် ၅၀ ရာခိုင်နှုန်း ပိုက်ဆံပိုသုံးပြီး ၃၀ ရာခိုင်နှုန်း ပစ္စည်းတွေပိုဝယ်တာကို တွေ့ရှိခဲ့ပါတယ်။ ကဖိန်းဓာတ်က ဦးနှောက်အတွင်းသို့ Dopamine ကို ထုတ်လွှတ်ပေးလို့ စိတ်လှုပ်ရှားပြီး ပိုဈေးဝယ်ချင်စိတ်ကို ဖြစ်စေတာပါ။

၂. စားပြီးသောက်ပြီးမှ ဈေးဝယ်ထွက်ပါ
အကြောင်းအရင်းက ရိုးရိုးလေးပါ။ ဗိုက်ဆာနေတဲ့အချိန် ဈေးဝယ်ထွက်ရင် မျက်စိထဲမြင်သမျှအားလုံးက စားချင်စရာတွေချည်းဖြစ်နေလို့ မလိုအပ်တာတွေပါ ထည့်ဝယ်နိုင်ခြေ ပိုများပါတယ်။ မလိုဘဲဝယ်ထားမိပြီး ပုပ်သိုးသွားလို့ လွှင့်ပစ်လိုက်ရတာမျိုးမဖြစ်အောင်လို့ ဗိုက်ပြည့်အောင်စားသောက်ပြီးမှ ဈေးဝယ်ထွက်တဲ့အကျင့်မွေးပါ။

၃. ပိုက်ဆံနည်းနည်းစီ ချန်ပြီးစုပါ
တချို့လူတွေက ဒီအကြောင်းအရင်းကြောင့် စာအိတ်သုံးကြတာဖြစ်ပါတယ်။ ဒါပေမယ့် သင်က သော့ခတ်ထားလို့ရတဲ့ မီးခံသေတ္တာ သို့မဟုတ် စုဘူးသုံးရတာကို ပိုကြိုက်ရင်လည်း သုံးလို့ရပါတယ်။ အရေးကြီးတာက ပိုက်ဆံကို ကွယ်ရာမှာ သပ်သပ်ဖယ်သိမ်းထားပြီး မတွေးမိအောင်ပါပဲ။

၄. ဈေးဝယ်ထွက်တဲ့အခါ ငွေသားနဲ့ပေးပါ
လက်တွေ့အရတော့ ကိုင်ထားတဲ့ပိုက်ဆံ လက်ထဲက ထွက်သွားမှာထက် ကဒ်ကိုသာ အလွယ်တကူသုံးလိုက်ချင်ကြမှာပါ။ ဘာကြောင့် ကဒ်ထက် ပိုက်ဆံနဲ့ငွေချေခိုင်းသလဲဆိုရင် ကိုယ့်မျက်စိရှေ့မှာပဲ ပေးလိုက်ရတဲ့ ပိုက်ဆံတန်ဖိုးကို မြင်တွေ့နိုင်တာကြောင့် အသုံးအဖြုန်းကို ပိုပြီးသတိထားမိစေပါတယ်။ ပိုက်ဆံအတိုင်းအတာတစ်ခုလောက်သာ ထည့်သွားပြီး ဈေးဝယ်ခြင်းက လိုတာထက်ပိုပြီးမဝယ်မိအောင်နဲ့ ပိုက်ဆံချွေတာရာလည်းရောက်စေပါတယ်။

၅. ရေများများသောက်ပြီး ဗိုက်ဖြည့်ပါ
အစားမစားခင် သို့မဟုတ် အစားစားနေစဥ်အတွင်း ရေသောက်ခြင်းက သင့်ကိုဗိုက်မြန်မြန်ပြည့်စေပါတယ်။ ဒါကြောင့် အစားအသောက်ပေါ်သာ ပိုက်ဆံချွေတာချင်တာမဟုတ်ဘဲ ကိုယ်အလေးချိန်လည်း ကျချင်တယ်ဆိုရင်တော့ ရေများများသောက်ပေးတာက နည်းလမ်းကောင်းတစ်ခုပါပဲ။ ၁၂ ပတ်အတွင်း ၄ ပေါင်လောက်ကျချင်ပါက အစားစားရင်း ရေ ၅၀၀ မီလီလီတာ သောက်ပေးပါ။

Lifestyle_Myanmar
ref-brightside