အချစ်ဆုံးသူငယ်ချင်းတွေ အသည်းကွဲပြီး ရင်လာဖွင့်တာမျိုး လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ အသည်းကွဲနေတဲ့အချိန်ဆိုတာ လူတစ်ယောက်အတွက် ခံစားချက်တွေပြင်းထန်ပြီး ဝမ်းနည်းအားငယ်နေတဲ့ အဆိုးဆုံးအချိန်တစ်ခုပါ။ ဒီလိုအခြေအနေမှာ ကိုယ့်ကို အားကိုးတကြီး ရင်လာဖွင့်တဲ့ သူငယ်ချင်းကို အကောင်းဆုံးအားပေးစကားလေးတွေ ပြောပေးသင့်တာပေါ့။ ကဲဒါဆို အသည်းကွဲသူ ကိုယ့်သူငယ်ချင်းတွေကို ဘယ်လိုအားပေးနှစ်သိမ့်စကားပြောရမလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။
(၁) သင်ခန်းစာကောင်းတစ်ခု ရလိုက်တယ်လို့ သဘောထားခိုင်းပါ
အချစ်ဆိုတာ ကျောင်းမှာမသင်ရတဲ့ ဘဝရဲ့သင်ခန်းစာတွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပြီးဆုံးသွားတဲ့ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ သူ့ဘက်က မှားတာတွေရှိသလို ကိုယ့်ဘက်က မှားတာတွေလည်းရှိနိုင်ပါတယ်။ ဒါတွေကို အကောင်းဆုံးသင်ခန်းစာယူပြီး နောက်ထပ်ဆုံတွေ့ရမယ့် အချစ်သစ်မှာ ဒီလိုအမှားမျိုးတွေ မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရနိုင်ကြောင်း ပြောပြပေးပါ။

(၂) ပြောင်းလဲတိုးတက်မှုတွေဖြစ်လာဖို့ အချိန်တန်ပြီဖြစ်ကြောင်းပြောပြပါ
လမ်းခွဲလိုက်ပြီဆိုတာနဲ့ ပထမဆုံးအဆိုးထဲက အကောင်းတစ်ခုကိုပြောပါဆိုရင် ကိုယ်ပိုင်အချိန်တွေ များများရလာတာပါပဲ။ ကိုယ့်ရဲ့အချိန်တွေကို ကိုယ်တိုင်သဘောရှိသလို စီမံခန့်ခွဲမှုတွေလုပ်နိုင်တယ်ဆိုတာကို ပြောပြပေးပါ။ အားတဲ့အချိန်မှာ သင်တန်းတွေတက်မယ် ၊ ဘဝအတွက် ဖြည့်စရာရှိတဲ့ ကွက်လပ်တွေကို ဖြည့်သွားမယ် စသည့်ဖြင့် ကိုယ့်ကိုယ်ကို တိုးတက်ပြောင်းလဲမှုတွေနဲ့ ပိုကောင်းတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲနိုင်မယ့် တန်ဖိုးရှိတဲ့အချိန်တွေကို ရလိုက်တာဖြစ်ကြောင်း ရှင်းပြပေးလိုက်ပါ။

(၃) ပိုကောင်းတဲ့အခွင့်အရေးတွေ ရှိသေးတယ်ဆိုတာသတိပေးပါ
အသည်းကွဲတဲ့အချိန်ဆိုတာ မျှော်လင့်ချက်တွေရိုက်ချိုးခံရသလို အရာအားလုံးဆုံးရှုံးလိုက်ရသလို စိတ်ဓာတ်ကျစရာကောင်းတဲ့ ခံစားချက်တွေ ခံစားနေရတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့သူငယ်ချင်းကို သတိပေးရမှာတစ်ခုက အသည်းကွဲတာက ဘဝရဲ့အဆုံးသတ်အချိန် မဟုတ်ဘူးဆိုတာပါပဲ။ လက်ရှိမှာ နာကျင်ခံစားရတယ်ဆိုတာ မှန်ပေမယ့် အရာအားလုံးကို ဆုံးရှုံးလိုက်တာမဟုတ်ပါဘူး။ ကိုယ့်အနားမှ ာချစ်တဲ့သူငယ်ချင်းတွေ မိသားစုဝင်တွေ အများကြီးရှိသေးတယ်ဆိုတာနဲ့ အနာဂတ်မှာ စစ်မှန်တဲ့အချစ်နဲ့ တွေ့ဆုံဖို့ အခွင့်အရေးတွေရှိသေးတယ်ဆိုတာ ပြောပြပေးပါ။

Lifestyle_Myanmar
ref-mindbodygreen