လူတစ်ယောက်ဟာ အသက်အရွယ်အပိုင်းအခြားတစ်ခုကို ရောက်ရှိလာတာနဲ့အမျှ ရင့်ကျက်သင့်သလောက် ရင့်ကျက်ရမှာဖြစ်ပြီး ဘဝအတွက်အရေးပါတဲ့အရာတွေကို ဦးစားပေးလုပ်ဆောင်တတ်ဖို့ အရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ အသက် (၃၅) ကျော်လာတာနဲ့ မဖြစ်မနေပြုလုပ်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
အသောက်အစားလျော့ပါ
အသက် (၃၅) နှစ် ကျော်လာသူတွေအနေနဲ့ အသောက်အစား လုံးဝမကင်းနိုင်ရင်တောင် ယခင်ကထက် သောက်တဲ့စားတဲ့ကိစ္စတွေကို လျော့သင့်ပြီဖြစ်ပါတယ်။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ဒါဟာဖြစ်သင့်တဲ့အရာတစ်ခုပါ။ စိတ်က သောက်နိုင်ပေမယ့် ကိုယ့်ရဲ့ ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကိုတော့ တစ်ချက်ငဲ့သင့်တာဖြစ်ပါတယ်။

ကျန်းမာရေးကို အထူးဂရုစိုက်ပါ
အသက်အရွယ် အပိုင်းအခြားတစ်ခုကို ရောက်ရှိလာတာနဲ့ အမျှ ကျန်းမာရေးဟာလည်း အရမ်းကိုအရေးပါတဲ့ ကဏ္ဍတစ်ခုကနေ ပါဝင်လာပါတယ်။ ကျန်းမာနေမှလည်း ရှေ့ဆက်မယ့်နေရက်တွေမှာ စိတ်သွားတိုင်းကိုယ်ပါပြီး အောင်အောင်မြင်မြင် လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေမယ့် အရာတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပြီး အစားအသောက် အနေအထိုင်ကအစ ဂရုစိုက်ဖို့လိုလာပြီပဲ ဖြစ်ပါတယ်။

ငွေကြေးဆိုင်ရာ စီမံခန့်ခွဲပါ
ကိုယ်ရဲ့ တစ်လစာ ဝင်ငွေထွက်ငွေကို သေချာစာရင်းဇယားပြုလုပ်ဖို့ လိုလာပါပြီ။ ငွေကြေးပိုင်းဆိုင်ရာကို သေချာစီမံခန့်ခွဲလိုက်မယ်ဆိုရင် ကိုယ်ရဲ့အသုံးစရိတ်ကိုလည်း ကိုယ်တိုင်ပြန်လည်သုံးသပ်လာနိုင်မှာဖြစ်ပြီး မကုန်သင့်ဘဲကုန်ရတဲ့အရာတွေ လျော့နည်းလာကာ အရင်ကထက် ငွေကြေးစုဆောင်းမိ လာမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အကျိုးမရှိတဲ့အရာတွေအတွက် ငွေကုန်ခံတာမျိုးလျော့ပြီး စာအုပ်ဝယ်တာ ၊ ခရီးသွားတာ စတဲ့ ကိုယ်အတွက် အကျိုးရှိစေမယ့်အရာတွေအတွက်ပဲ သုံးဖို့အကြံပြုချင်ပါတယ်။

အားကစား တစ်ခုခုပြုလုပ်ပါ
အသက်ကြီးလာလေလေ အလုပ်ရဲ့ ဖိအားတွေ မိသားစုရဲ့ တာဝန်တွေ လူ့လောကရဲ့စိတ်ရှုပ်ထွေးစရာအရာတွေ ပိုမိုများပြားလာတဲ့အတွက် စိတ်လက်ပေါ့ပါးလန်းဆန်းကာ စိတ်ဖိစီးမှု လျော့ကျစေဖို့ အားကစားတစ်ခုခု မဖြစ်မနေ ပြုလုပ်သင့်တာဖြစ်ပါတယ်။ အားကစားလုပ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို လျော့ကျစေသလို ရုပ်ပိုင်းဆိုင်ရာမှာလည်း အထောက်အပံ့ကောင်းတွေ ဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ရက်ကို ပုံမှန် ၁ နာရီလောက်ပဲ အချိန်ပေးပြီး အားကစားတစ်ခုခု ပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

Lifestyle_Myanmar
ref-lifehack