အလုပ်လုပ်ကြပြီ ဆိုမှတော့ လစာကောင်းကောင်းရဖို့ကို လူတိုင်းလိုချင်ကြတာချည်းပါပဲ။ လိုချင်လို့လည်း အလုပ်လုပ်နေကြတာချည်းပါပဲ။ ဒါဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ လစာကောင်းအောင် ဘယ်လိုလုပ်ကြမလဲ။ အကြံဉာဏ်အချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။
၁။ ဘာသာစကားတစ်ခုခုကို ကျွမ်းကျင်အောင် လေ့လာထားပါ။
လစာကောင်းတဲ့ အလုပ်အများစုကတော့ ဘာသာစကားတစ်ခုခုကို ကျွမ်းကျင်စွာပြောနိုင်မှ ရတက်တာပါ။ ဘာသာစကားလို့ပြောလိုက်ရင် အင်္ဂလိပ်တို့၊ တရုတ်တို့စတဲ့ အသုံးများတဲ့ ဘာသာစကားပဲမဟုတ်ပါဘူး။ တခြားဘာသာစကားတွေလည်း အသုံးတည့်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်လိုဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုသုံးနှုန်းတက်ပြီဆိုတာနဲ့ သင်ဟာ အနည်းဆုံး စားသောက်ဆိုင်မှာ ဝန်ထမ်းလုပ်ပြီဆိုရင်တောင် လစာကောင်းဖို့ သေချာနေပါပြီ။
ဆိုလိုတာက ငယ်ငယ်ရွယ်ရွယ်နဲ့အလုပ်လုပ်ဖို့ မဟုတ်ပါဘူး။ သို့သော် ငယ်ငယ်ရွယ်ရွယ်နဲ့ လစာကောင်းကောင်းလိုချင်ရင်တော့ ဘာသားစကားတစ်ခုခု ကျွမ်းကျင်ထားရင် ပိုရနိုင်ပါတယ်။

၂။ ကျောင်းတက်ရင်း အလုပ်အတွေ့အကြုံများများရအောင် လေ့လာထားပါ။
တကယ်တော့ ကျောင်းတက်တယ်ဆိုတာ (Learning Experience) စာတွေ့ သင်ယူမှုအတွေ့အကြုံချည်းပဲ ယူနေယုံနဲ့ မပြီးပါဘူး။ ကျောင်းတက်ရင်း (Volunteering Experience) လုပ်အားပေး သင်ယူမှု အတွေ့အကြုံကိုလည်း များများယူမှ တကယ့်ကျောင်းတက်ရတဲ့ ကျောင်းသားဘဝ(Student’s life) အရသာကို ကျောင်းသာပီပီ ရရှိတယ်လို့ ဆိုရမှာပါ။
ဒါဆိုရင် ကျောင်းနေရင်း ဘယ်လိုအတွေ့အကြုံတွေ ရှာဖွေကြမလဲ။ ကျောင်းသားစုပေါင်းပြီးတော့ ရပ်ကွက်သန့်ရှင်းရေးတို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မှာ ပါဝင်တာမျိုးတို့၊ အားရင်အားသလို ပညာသင်ခွင့်မရကြတဲ့ ကလေးတွေကို ကုသိုလ်ဖြစ် စာသင်ပေးတာတို့ စတဲ့ လုပ်ငန်းတွေကို လုပ်ရင်း အတွေ့အကြုံတွေ ယူလို့ရပါတယ်။ ဒီအတွေ့အကြုံဟာ ဘာမှ မဟုတ်ဘူးလို့ထင်ရပေမယ့် အလုပ်မှာ လစာကောင်းဖို့ကိုတော့ များစွာ အထောက်အကူဖြစ်ပါတယ်။

၃။ CV ဖောင်ကို ကောင်းကောင်းရေးတက်ဖို့လိုပါတယ်။
ဒါကတော့ ကျောင်းတက်ရင်း မဖြစ်မနေ လေ့လာထားရမည့် အရာပါ။ CV အပေါ်မှာ ကြည့်ပြီး သင့်ကို လစာ ဘယ်လောက်ပေးသင့်တယ်ဆိုတာကို အလုပ်ရှင်တွေဘက်က ဆုံးဖြတ်ကြပါတယ်။ ဆိုတော့ သင့် CV ထဲမှာ သင့်ရဲ့ အရည်အချင်းနဲ့ အားသာချက်တွေ၊ အလုပ်အတွေ့အကြုံတွေကို မြင်သာအောင် ရေးတတ်ဖို့လိုပါတယ်။

၄။ အင်တာဗျူးတွေကို ကောင်းကောင်းဖြေနိုင်အောင် လေ့လာထားပါ။
ဒုတိယတစ်ခုက အင်တာဗျူးပါ။ အင်တာဗျူးဟာ သင့်မှာ ဘယ်လောက် အစွမ်းအစပဲ ရှိထားထား ကောင်မွန်စွာ မဖြေဆိုနိုင်ဘူးဆိုရင်တော့ အလုပ်တောင် ရဖို့ မသေချာပါဘူး။ ခက်လားဆိုတော့လည်း ထင်သလောက် မခက်ပါဘူး။ ပထမအနေနဲ့ အတွေ့အကြုံရအောင် ကြိုးစားပါ။ အတွေ့အကြုံကသာ စကားပြောသွားတတ်ပါတယ်။ ပထမအင်တာဗျူးမှာ အလုပ်ရချင်မှရမယ် ဒါပေမယ့် အင်တာဗျူးတဲ့ အတွေ့အကြုံကတော့ ရသွားပါလိမ့်။

အဲဒီအတွေ့အကြုံကို အသုံးချပြီး နောက်အင်တာဗျူးတွေမှာ သင်အကောင်းဆုံးလုပ်နိုင်ပါလိမ့်မယ်။ ဒီနည်းလမ်းလေးတွေဟာ ကျောင်းတစ်ဖက်နဲ့ လွယ်လွယ်ကူကူ လုပ်ယူလို့ ရတဲ့အရာတွေဖြစ်လို့ သင်ခက်ခက်ခဲခဲ အားထုပ်ရမယ်မထင်ပါဘူး။