အလုပ်အကိုင်ဆိုတာ ကိုယ့်ရပ်တည်ရေးအတွက် အရေးကြီးတဲ့ အရာတစ်ခုပါ။ အလုပ်အကိုင်ရွေးချယ် ရပ်တည်ရာမှာ လူတော်တော်များများ မှားတတ်တဲ့ အမှား ၅ မျိုးအကြောင်း ပြောပြချင်ပါတယ်။ ဒီကနေ သင်ခန်းစာယူပြီး ကိုယ့်ရဲ့ အလုပ်လမ်းကြောင်းကို မြှင့်တင်နိုင်စေဖို့ပါ။
(၁) အဖွဲ့အစည်းလိုက် စွမ်းရည် မြှင့်တင်ပါ။
အလုပ်က ပေးထားတဲ့ တာဝန်ခွဲတမ်းကို သတ်မှတ်ရက်အတွင်း မပြီးတာဟာ အဖွဲ့အစည်းလိုက် လုပ်ဆောင်တဲ့ စွမ်းရည်နည်းလို့ပါပဲ။ တစ်စစီ ပြန့်ကျဲနေတဲ့ အလုပ်တာဝန်ဝတ္တရားတွေကို စုစည်းနိုင်ဖို့ ဘယ်နေရာမှာ ယိုပေါက်ရှိနေသလဲ စစ်ထုတ်ပါ။ လူတစ်ယောက်ချင်းစီ လုပ်နိုင်တဲ့အထိ အပိုင်းလိုက် ခွဲပြီး အဖွဲ့အစည်းတစ်ခုလုံး စည်းချက်ကျကျ လုပ်ဆောင်နိုင်အောင် လုပ်ဆောင်ပါ။

(၂) လစာညှိဖို့ မမေ့ပါနဲ့။
စစ်တမ်းတစ်ခုမှာ ဝန်ထမ်း ၅ ပုံတစ်ပုံဟာ ဘယ်တော့မှ လစာမညှိကြဘူးလို့ ဆိုပါတယ်။ ပိုက်ဆံတိုးတောင်းလိုက်ရင် အလုပ်မရမှာကို စိတ်ပူတာလည်း ပါမှာပါ။ တကယ်တော့ ထိုက်တန်သမျှ တောင်းဖို့ မမေ့လိုက်ပါနဲ့။ ဒါဟာ ကြောက်စရာလည်း မဟုတ်ပါဘူး။ အလုပ်ရှင်ကောင်းတစ်ယောက်ဟာ ကျွမ်းကျင်ဝန်ထမ်းကောင်းတစ်ယောက်ကို ထိုက်သင့်တဲ့ လစာပေးဖို့ အဆင်သင့်ရှိပါတယ်။

(၃) အလုပ်အကိုင် အခွင့်အလမ်းအတွက် ကွန်ရက်ကို မျက်ခြေအပြတ်မခံပါနဲ့။
အလုပ်ကောင်းတစ်ခု ရသွားပြီဆိုပြီး ကိုယ့်ရဲ့ လူမှုရေးဘောင်ကို အပျက်မခံပါနဲ့။ ဆက်လက်ချဲ့ထွင်သွားပါ။ ကိုယ့်ရဲ့ လူမှုကွန်ရက်ကြီးလေလေ အလုပ်ပြောင်းရတာလည်း ကြောက်စရာ မဟုတ်ဘဲ အလုပ်သစ်ရှာရ လွယ်လေလေပါပဲ။
(၄) မှားတာရှိရင် ဝန်ခံတောင်းပန်ဖို့ လိုပါတယ်။
သိပ်ပြီး တယူမသန်သင့်ပါဘူး။ အလုပ်မှာပိုပြီး ဒီစကားကို သတိချပ်သင့်ပါတယ်။ ခေါင်းမာလွန်းတာ ၊ တဇွတ်ထိုးဆန်လွန်းတာဟာ အလုပ်မှာ ပြဿနာပါပဲ။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ပိုပြီး ထိန်းချုပ်နိုင်လေလေ အကျိုးရှိလေလေပါပဲ။

(၅) ကိုယ့်ရဲ့ စွမ်းရည်ကို မြှင့်တင်နေပါ
အဆက်မပြတ် လေ့လာနေဖို့ လိုပါတယ်။ ငါအမြင့်ရောက်ပြီပဲ ၊ အောက်ပြန်ကျစရာ မရှိတော့ပါဘူးဆိုပြီး ဘာမှ မလေ့လာတော့ရင် ကိုယ့်ထက်သာတဲ့ သူက ကိုယ့်ပေါ်တက်သွားမှာပါ။ ရနိုင်သမျှနေရာကနေ အသိပညာ ဗဟုသုတ ဆည်းပူးပါ။ ဒါကပဲ ကိုယ့်အလုပ်ခွင်မှာ အောင်မြင်စေမယ့် အကြောင်းဖြစ်လာမှာပါ။

Lifestyle_Myanmar
ref-monster.com