ဝန်ထမ်းအများစု ရုံးကပြန်ရောက်ပြီဆိုတာနဲ့ ရေမိုးချိုး ထမင်းစားသောက်မယ် ဖုန်းလေးပွတ်မယ် ခဏအကြာမှာ အိပ်မယ် ဒီလိုပုံစံလေးတွေနဲ့ပဲ နေ့စဉ်ဘဝကို ကုန်ဆုံးကြတာများပါတယ်။ တကယ်တော့ ဒီလိုတစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အချိန်မှာ အနားလည်းယူရင် ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတွေနဲ့ ကုန်ဆုံးသင့်တာပါ။ ဒီနေ့မှာတော့ စာဖတ်သူတို့အနေနဲ့ ရုံးမှအိမ်ကိုပြန်ရောက်တဲ့ ညဘက်အချိန်တွေကို အခုပြောပြတဲ့နည်းလမ်းတွေအတိုင်း အကျိုးရှိရှိဖြတ်သန်းလိုက်ပါ။
(၁) မိသားစုကိုအချိန်ပေးပါ
မိသားစုဆိုတာ အရင်းအနှီးဆုံးနေကြတဲ့သူတွေဖြစ်ပေမယ့်လည်း တစ်ခါတစ်လေမှာ တစ်အိမ်ထဲနေပြီး ဝေးနေတာမျိုးဖြစ်တတ်ကြပါတယ်။ ယနေ့ခေတ်မှာက နည်းပညာပစ္စည်းတွေရဲ့ အကျိုးဆက်ကြောင့် သူတို့လည်းသူတို့ဖုန်းသူတို့သုံး ကိုယ်လည်းကိုယ့်ဖုန်းကိုယ်သုံးပြီး မိသားစုရဲ့ နွေးထွေးမှုတွေပျောက်ဆုံးနေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ အိမ်ပြန်ရောက်တဲ့အချိန်မှာ ဖုန်းတွေ အိုင်တီပစ္စည်းတွေထက် မိသားစုကိုသီးသန့် အချိန်ပေးပြီး ညစာလက်ဆုံစားတာ စကားတွေပြောတာ စသည့်ဖြင့် ပြုလုပ်ဖို့အကြံပြုချင်ပါတယ်။

(၂) ဖုန်းသုံးချိန်လျော့ပါ
ယနေ့ခေတ်လူတွေရဲ့ အပန်းဖြေမှုက ဖုန်းတွေအပေါ်မှာပဲ ရှိနေကြပါတယ်။ တစ်နေကုန်ပင်ပန်းလာလို့ စိတ်ပြေလက်ပျောက် ဂိမ်းဆော့မယ် ဖေ့ဘွတ်သုံးမယ်ဆိုရင်လည်း ခဏတဖြုတ်သာ အသုံးပြုသင့်ပါတယ်။ အိပ်ချိန်နဲ့တော့ အနည်းဆုံး ၂ နာရီလောက်ခြားပြီး သုံးသင့်ပါတယ်။ ကိုယ်က ညဆယ်နာရီမှာအိပ်မယ်စိတ်ကူးထားရင် ညရှစ်နာရီလောက်ထဲက ဖုန်းတွေနဲ့ အဝေးဆုံးမှာနေသင့်ပါတယ်။ ဖုန်းအလွန်အကျွံသုံးစွဲခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတာကြောင့် သင့်ကိုအိပ်ရေးပျက်စေမှာဖြစ်သလို မနက်နိုးတဲ့အခါမှာလည်း အိပ်ရေးမသလိုခံစားရစေမှာပါ။

(၃) အိပ်ခါနီးစာအုပ်ဖတ်ပါ
အိပ်ခါနီးမှာ ကိုယ့်အကြိုက်ဆုံးစာအုပ်တစ်အုပ်နဲ့ အိပ်ယာဝင်ရတာလောက် ဇိမ်ကျတဲ့အရာမရှိပါဘူး။ စာအုပ်တွေက သင့်ကိုကောင်းမွန်တဲ့ ဗဟုသုတတွေအများကြီးရရှိစေမယ့် ရတနာသိုက်တစ်ခုဖြစ်ပါတယ်။ ဘဝမှာအောင်မြင်နေတဲ့ ပုဂ္ဂိုလ်တိုင်းလည်း ညအိပ်ယာဝင်ချိန်မှာ စာအုပ်ကောင်းကောင်းလေးတစ်အုပ်နဲ့ အမြဲအိပ်ယာဝင်ကြပါတယ်။ စာဖတ်ခြင်းက သင့်ကိုဗဟုသုတရစေမယ့်အပြင် ကောင်းစွာအိပ်ပျော်ဖို့ကိုလည်း အထောက်အကူပြုမှာဖြစ်ပါတယ်။

(၄) နောက်တစ်နေ့အတွက် ကြိုတင်ပြင်ဆင်ပါ
ကြိုတင်ပြင်ဆင်မှုရှိခြင်းဖြင့် အမှားအယွင်းနည်းစေသလို တိကျမှန်ကန်မှုကိုလည်းရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အကြမ်းဖျင်းအားဖြင့် နောက်နေ့တစ်မှာ လုပ်ကိုင်ရမယ့်အလုပ်တွေ အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေ နောက်ဆုံးအဝတ် အစားအစာကအစ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် နောက်တစ်နေ့မှာ အရာအားလုံးအေးအေးဆေးဆေးနဲ့ အမှားနည်းစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-theladders.com