ပြင်ပလောက နှောင့်ယှက်မှုတွေဟာ လက်ရှိအခိုက်အတန့်အပေါ်မှာ အာရုံမထားနိုင်အောင် အတော်လေးကို ဒုက္ခပေးပါတယ်။ ဒီလိုမျိုး တခြားအတွေးတွေ ခေါင်းထဲဝင်လာပြီဆိုရင် အရေးကြီးတာတွေကိုမေ့ပြီး ကိုယ်လုပ်နေတဲ့အလုပ်အပေါ်လည်း အာရုံမစိုက်နိုင်တော့ဘဲ “ငါဒါတွေကို တစ်နေ့တည်းမှာ ဘယ်လိုလုပ်ရင်ကောင်းမလဲ” ဆိုတဲ့ အတွေးနဲ့ပဲ အချိန်ကုန်သွားစေတတ်ပါတယ်။
External distractions တွေဆိုတာက သင့်ရဲ့အာရုံကို ဖမ်းစားမယ့် အပြင်လောက က အဖြစ်အပျက်တွေဖြစ်ပြီး Internal distractions ဆိုတာကတော့ သင့်ခေါင်းထဲက အတွေးတွေနဲ့ ခံစားချက်တွေပဲ ဖြစ်ပါတယ်။ သင်နေ့စဥ်ကြုံတွေ့လာရနိုင်တဲ့ ပြင်ပလောက က သာမန်နှောင့်ယှက်မှုတွေက ဘာတွေလဲဆိုရင်တော့ ဖုန်းခေါ်ဆိုမှုများ၊ SMS များ၊ ဆိုရှယ်မီဒီယာ၊ မိသားစု၊ အာလာပ သလ္လာပစကားများ၊ ဆူညံသံ၊ သီချင်းသံ၊ အင်တာနက်၊ အီးမေးလ်၊ တိရိစ္ဆာန်များ၊ ကားလမ်းပိတ်ဆို့မှု၊ အစားအသောက်နဲ့ ဖျော်ရည်ယမကာတို့ပဲ ဖြစ်ပါတယ်။
အခုလိုမျိုး ကိုယ့်ရဲ့တစ်နေ့တာမှာ အထက်ဖော်ပြပါ External distractions တွေ နှောင့်ယှက်နေလို့ ကိုယ်ပြန်ပေးဆပ်ရမယ့် အကျိုးဆက်တွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုလိုက်ရအောင်ပါ။
၁။ အချိန်ဖြုန်းခြင်း
ပုံမှန်အားဖြင့် အာရုံပြန့်ပြားသွားပြီဆိုရင် အတွေးနယ်ပယ်ကို ပြန်ချုံ့ဖို့အတွက် မိနစ် ၂၀၊ ၂၅ မိနစ်လောက် အချိန်ပြန်ယူရပါတယ်။ ဒါတောင်မှ ကိုယ်အာရုံထွေပြားသွားပြီဆိုတာကို သိသိချင်း ချက်ချင်းကိုယ့်ကိုယ်ကိုယ် ပြန်ပြီးသေချာထိန်းသိမ်းနိုင်သူအတွက် အချိန်ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အတွေးနယ်ပယ်ထဲမှာပဲ ဆက်လက်နစ်မျောနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာတွေလည်း ပြီးမြောက်နိုင်တော့မှာမဟုတ်သလို ကိုယ်ကြိုက်တဲ့အရာတွေ လုပ်ဖို့အတွက်လည်း အချိန်မပေးနိုင်တော့ပါဘူး။

၂။ အလုပ်တွေ မပြီးမပြတ်ဖြစ်ခြင်း
လက်ရှိအချိန်မှာ အောင်မြင်နေတဲ့သူတွေတောင်မှ ယနေ့အချိန်ထိ ပြောနေကြတဲ့ စကားတစ်ခွန်းက “ကိုယ်စထားတဲ့ ဇာတ်လမ်းကို ပြီးအောင် က” ဆိုတာပါပဲ။ အဓိက ပြောချင်တာကတော့ ကိုယ့်ရဲ့စိတ်သဘောကျအရ သို့မဟုတ် ကိုယ့်ရဲ့ရွေးချယ်မှုအရ စတင်လိုက်တဲ့ အလုပ်တစ်ခုကို တို့လို့တန်းလန်း ထားခဲ့ပြီး တခြားအရေးမပါတဲ့ ကိစ္စတွေနဲ့ အချိန်ဖြုန်းနေခြင်းက အဆုံးသတ်မှာ ကိုယ့်အတွက်သာမက ကိုယ်နဲ့ပတ်သက်နေတဲ့ အဖွဲ့ဝင်တွေကိုလည်း ဒုက္ခသယ်လာပေးရာ ရောက်သွားပါလိမ့်မယ်။ နောက်ပြီးတော့ တစ်ခုခုကိုစတင်ပြီးတာနဲ့ အပြီးသတ်အောင်မလုပ်ဆောင်သေးဘဲ ဟိုလိုလို ဒီလိုလိုနဲ့ ယောင်နေခြင်းက အချိန်ကြာလာရင် အကျင့်တစ်ခုလိုဖြစ်သွားပါလိမ့်မယ်။

၃။ Relationships တွေ ယိုင်နဲ့လာနိုင်ခြင်း
မိသားစုနဲ့ဖြစ်ဖြစ်၊ ချစ်သူနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့ဖြစ်ဖြစ် အပြင်သွားချိန် ဒါမှမဟုတ် အတူတူရှိနေချိန်မှာ သူတို့ရဲ့အာရုံက ကိုယ့်ဆီမှာမရှိဘဲ တခြားကိုရောက်နေတယ်လို့ ခံစားရဖူးပါသလား။ အဲ့လိုမျိုး ကြုံတွေ့ဖူးတယ်ဆိုရင် ဘယ်လိုခံစားရပါသလဲ။ ကိုယ်တစ်ယောက်လုံး အရှေ့မှာငုတ်တုပ်ရှိနေပါရဲ့နဲ့ လျစ်လျူရှုခံထားရသလို ခံစားချက်မျိုးကို ဘယ်သူမှ သဘောကျမှာမဟုတ်ပါဘူး။ အခုလိုမျိုး တစ်ယောက်ယောက်နဲ့ရှိနေချိန်မှာ အာရုံထွေပြားနေမယ်ဆိုရင်တော့ Relationships တွေက ရေရှည်မှာ တဖြည်းဖြည်း ယိုင်နဲ့လာနိုင်ပါတယ်။ ဒါ့အပြင် Etiquette အရ ကြည့်မယ်ဆိုရင်လည်း ရိုင်းပြတဲ့အပြုအမူမျိုးဖြစ်တာမို့ အာရုံမပြန့်ပြားပါစေနဲ့။

၄။ လုပ်ရည်ကိုင်ရည် ကျလာခြင်း
ကိုယ် လက်ရှိ တာဝန်ကျရာ၊ တာဝန်ယူထားတဲ့ အလုပ်အပေါ်မှာ အာရုံစိုက်ပြီး အဆုံးသတ်အထိ အကောင်းဆုံး ပြီးမြောက်အောင် ဆောင်ရွက်ခြင်းက အလုပ်ခွင်တစ်ခုက ဝန်ထမ်းကောင်းတစ်ဦးရဲ့ စံနှုန်းဖြစ်ပါတယ်။ ကိုယ်လုပ်စရာရှိတာကို မလုပ်ဘဲနဲ့ တစ်နေ့တစ်နေ့ တခြားအရေးမပါတာတွေနဲ့ပဲ အချိန်ကုန်နေပြီး ပေါ့ပေါ့လျော့လျော့နဲ့ အလုပ်ကိုနောက်ဆုတ်နောက်ဆုတ် လုပ်လာမယ်ဆိုရင် အထက်လူကြီးတွေရဲ့ မျက်စိဆံပင်မွှေးစူးလာနိုင်ကာ ကြာလာရင် အလုပ်ပြုတ်သွားနိုင်ပါတယ်။

Lifestyle_Myanmar
ref-lifehack