ငယ်ပေါင်းကြီးဖော် သူငယ်ချင်းကြီး အရင်းခေါက်ခေါက်ကြီးတွေတောင် စကားတစ်ခွန်း လုပ်ရပ်တစ်ခုကြောင့်နဲ့ ဘော်ဒါအကန့်ပျက်သွားတာမျိုးတွေ အများကြီးရှိပါတယ်။ ဘယ်လောက်ပဲ ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပါစေ စည်းတစ်ခုဘောင်တစ်ခုမထားရင် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒီနေ့မှာတော့ အရမ်းခင်ပါတယ်ဆိုတဲ့ သူငယ်ချင်းတွေနဲ့ ဘော်ဒါအကန့် မပျက်ချင်ရင် ရှောင်ကျဉ်ရမယ့်အချက်လေးတွေ ပြောပြပေးချင်ပါတယ်။
(၁) ပိုက်ဆံချေးခြင်း
လူကိုခင်ရင်ငွေမချေးပါနဲ့ ဆိုတဲ့ စကားသိပ်မှန်ပါတယ်။ ဘယ်လောက်ပဲ ရင်းနှီးတဲ့ဘော်ဒါတွေဖြစ်နေပါစေ အပေါင်းအသင်းကဏ္ဍမှာ ငွေးရေးကြေးရေးအရှုပ်အရှင်း ပါလာရင်တော့ ရေရှည်ဆက်ဆံလို့ အဆင်ပြေတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် သူငယ်ချင်းအရင်းခေါက်ခေါက်တွေဆီက ပိုက်ဆံချေးတာမျိုး ငွေကြေးအရှုပ်အရှင်းလုပ်မိတာမျိုးတွေ လုံးဝရှောင်ကျဉ်သင့်ပါတယ်။

(၂) အချစ်ရေးမှာ ပါဝင်ပတ်သတ်ခြင်း
လူနှစ်ယောက်တည်ဆောက်ထားတဲ့ Relationship တစ်ခုအကြောင်းကို အပြင်လူတစ်ယောက်အနေနဲ့ အတွင်းကျကျသိနိုင်ဖို့ ခဲယဉ်းလှပါတယ်။ သူငယ်ချင်းတွေရဲ့ Rs မှာပြဿနာတစ်ခုခုဖြစ်နေသည်ရှိသော် ဘယ်သူမှားတယ်မှန်တယ်ဆိုတာ သေချာမသိနိုင်တဲ့အတွက် ဝင်မပါတာကောင်းပါတယ်။ ကြားသုံးကြားမဝင်သင့်ဘူးဆိုတဲ့ ဆိုရိုးစကားလည်းရှိတာကြောင့် ကိုယ်သူငယ်ချင်းရဲ့ အိမ်ထောင်ရေး အချစ်ရေးကိစ္စတွေမှာ ပါဝင်ပတ်သတ်တာ ဂဂဏဏမသိပဲ ဝေဖန်တာတွေ အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပါတယ်။

(၃) အစနောက်သန်ခြင်း
ဘော်ဒါတွေကြား စတာနောက်တာက စိတ်ဆိုးစရာမဟုတ်ဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်လူရဲ့ အားနည်းချက် သည်းမခံနိုင်တဲ့အရာတွေကိုတော့ ဟာသတစ်ခုအနေနဲ့ မစသင့်ပါဘူး။ ကိုယ်ကတော့ ဘာရယ်မဟုတ်ဘူး အပျော်သဘောနဲ့ စနောက်လိုက်ပေမယ့် တစ်ဖက်လူရဲ့ရင်ထဲမှာ ခံစားချက်ပြင်းပြင်းထန်ထန် ဖြစ်သွားနိုင်တာကြောင့် ကိုယ်သူငယ်ချင်းတွေဘော်ဒါတွေ မကြိုက်တဲ့အရာတွေကို မစနောက်မိပါစေနဲ့။

(၄) ကုန်းဆင်းခြင်း
ဘယ်ဆိုင်ပဲထိုင်ထိုင် စားသောက်ပြီးလို့ ပိုက်ဆံရှင်းခါနီးတိုင်း အရူးကွက်နင်းပြီး ကုန်းဆင်းသွားတတ်တဲ့ သူငယ်ချင်းတွေနဲ့ကြုံဖူးပါသလား။ တစ်ခါနှစ်ခါလောက် ကုန်းဆင်းသွားတယ်ဆိုတာ နားလည်ခွင့်လွှတ်ပေးလို့ရပေမယ့် အမြဲလိုလို အကြောင်းပြချက် အမျိုးမျိုးနဲ့ ကုန်းဆင်းနေတဲ့သူတွေဆိုရင်တော့ ဘော်ဒါတွေ တဖြည်းဖြည်း ရှောင်ဖယ်လာကြပါလိမ့်မယ်။ ဒါကြောင့် ဘော်ဒါအကန့်မပျက်ချင်ရင် အမြဲတမ်း ကုန်းဆင်းခြင်းကို ရှောင်ကျဉ်ပါ။

Lifestyle_Myanmar
ref-lifehack