တစ်နှစ်ပြီးတစ်နှစ် အသက်ကြီးလာလို့ မှန်ကြည့်လိုက်တိုင်း မျက်နှာပေါ်က အရေးအကြောင်းတွေကြောင့် စိတ်ညစ်နေပါသလား။ ဒီလိုခံစားနေရတာက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းက လှပမှုလျော့ကျသွားခြင်းကို ကြောက်ရွံ့တတ်ကြပါတယ်။ အဲ့ဒါနဲ့ပဲ အိုမင်းရင့်ရော်မှုဇရာကို လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ အခုဖော်ပြပေးမယ့် ငယ်ရွယ်နုပျိုစေတဲ့ လျှို့ဝှက်နည်းလမ်းလေးတွေအသုံးပြုပြီး အမြဲတမ်းအရွယ်တင်နုပျိုနေတယ်လို့ ထင်မှတ်သွားအောင်ပြုလုပ်နိုင်ပါတယ်။
လက်သည်းဆိုးတဲ့အခါ
လက်သည်းဆိုးဆေးရွေးချယ်တဲ့အခါ ပန်းရောင်၊ ပုလဲရောင်၊ ထုံးကျောက်ရောင် စတဲ့ နုတဲ့အရောင်တွေကို ရွေးချယ်ပြီးဆိုးပေးမယ်ဆိုရင် သင့်လက်ကအရေးအကြောင်းတွေကို အခြားသူများအာရုံစိုက်လာနိုင်စွမ်းကို လျော့ချပေးနိုင်ပါတယ်။

သွားများဖြူဖွေးနေအောင် ထားပါ
သွားများဖြူဖွေးနေတဲ့အခါ သင့်ကိုအမြဲတမ်းပြုံးနေအောင်တွန်းအားပေးပါတယ်။ အမြဲတမ်းပျော်ပျော်နေပြီး ပြုံးနေတဲ့လူက ရှိရင်းစွဲအသက်ထက် ၂ နှစ်ပိုငယ်တယ်လို့ အခြားလူတွေထင်မှတ်တတ်ကြပါတယ်။ အကယ်၍ သင့်မှာဝါကျဉ်ကျဉ်သွားများရှိတယ်ဆိုရင်တော့ သွားဆရာဝန်ထံသွားခြင်း (သို့) မိမိအိမ်မှာပဲ သဘာဝနည်းလမ်းများကို အသုံးပြုပြီး ဖြူဖွေးလာအောင် ပြုလုပ်နိုင်ပါတယ်။

နှုတ်ခမ်းအစိုဓာတ်ဖြည့်ပါ
နှုတ်ခမ်းခြောက်ခြင်း၊ ကွဲခြင်းမှ ကာကွယ်ပြီး နှုတ်ခမ်းအစိုဓာတ်ဖြည့်ဖို့ရန်အတွက် Lip Balm လိမ်းခြင်း၊ ပျားရည်နဲ့သကြားအသုံးပြုပြီး တစ်ပတ်နှစ်ကြိမ်ခန့် နှုတ်ခမ်းကို ပွတ်တိုက်ပေးတဲ့အခါ သင့်နှုတ်ခမ်းသားလေးကို နူးညံ့စေပါတယ်။

အရောင်ရင့်ရင့် Matte နှုတ်ခမ်းနီများ မဆိုးပါနဲ့
အရောင်ရင့်ရင့် နှုတ်ခမ်းနီများက သင့်နှုတ်ခမ်းကိုပါးတဲ့ပုံပေါက်စေပြီး Matte နှုတ်ခမ်းနီများက သင့်နှုတ်ခမ်းကို ခြောက်သွေ့စေပါတယ်။ အကယ်၍ သင်ကငယ်တဲ့ပုံပေါက်ချင်တယ်ဆိုရင်တော့ အရောင်နုတဲ့နှုတ်ခမ်းနီများကိုသာ ရွေးချယ်အသုံးပြုပါ။

လက်ကို နူးညံ့တင်းရင်းနေအောင် ထားပါ
ဓာတုပစ္စည်းများပါဝင်တဲ့ ဆပ်ပြာအသုံးပြုပြီး အိုးခွက်ပန်းကန်များ တိုက်ချွတ်ဆေးကြောခြင်း၊ အဝတ်လျှော်ခြင်းတွေကြောင့် လက်အရေပြားကို ထိခိုက်နိုင်တာကြောင့် ရာဘာလက်အိတ်အသုံးပြုပါ။ ညအိပ်ရာဝင်ခါနီးမှာလည်း လက်အသားအရေ မခြောက်သွေ့အောင်၊ အားပြန်ဖြည့်ပေးဖို့အတွက် Hand Cream လိမ်းပေးခြင်းဖြင့် ငယ်ရွယ်မှုကို ထိန်းသိမ်းနိုင်ပါတယ်။

ဆံပင်စတိုင်
အရှေ့ဆံမြိတ်ချထားခြင်းက သင့်ကိုငယ်ရွယ်နုပျိုတဲ့ပုံပေါက်စေတာတော့ အမှန်ပါပဲ။ ဒါ့အပြင် Bangs ညှပ်ပြီး အရှေ့ချထားခြင်းဖြင့် သင့်နဖူးက အရေးအကြောင်းတွေကို ဖုံးကွယ်ထားနိုင်ပါတယ်။ မိမိမျက်နှာပုံစံနဲ့ ဘယ်လို Bang ကလိုက်ဖက်မလဲဆိုတာတော့ ဆံပင်ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ။
Lifestyle_Myanmar
ref-medindia.net