သီချင်းဆိုခြင်းအနုပညာဟာ လွယ်မလိုနဲ့ အင်မတန်ပညာသားပါတဲ့ အတတ်ပညာတစ်ခုပါ။ လူတိုင်းသီချင်းဆိုတတ်ပေမယ့် လူအများနားထောင်ကောင်းအောင် ဆိုတတ်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ Talent ကိုထုတ်ပြပြီး လူအများလက်ခံနိုင်လောက်တဲ့ အသံပိုင်ရှင်ဖြစ်ဖို့ အသံလေ့ကျင့်ချင်တယ်ဆိုရင်တော့ အိမ်မှာပဲလွယ်လွယ်ကူကူလေ့ကျင့်လို့ရမယ့် နည်းလမ်းကောင်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) တစ်ရက်ကို နာရီဝက်လောက် ပုံမှန်အချိန်ပေးပြီး သီချင်းဆိုလေ့ကျင့်ပါ။ နေ့တိုင်းပုံမှန်လေ့ကျင့်ဖို့ အချိန်တစ်ခု သတ်မှတ်ကြည့်ပါ။ ရေချိုးခန်းထဲဖြစ်စေ မီးဖိုချောင်ဝင်နေစဉ်ဖြစ်စေ ပေါ့ပေါ့ ပါးပါးသီချင်းဆိုရင်း ကိုယ့်ရဲ့အသံကို လေ့ကျင့်နိုင်ပါတယ်။
(၂) ကိုယ်ရဲ့အသံကို ကိုယ်တိုင်လေ့လာသုံးသပ်ကြည့်ပါ။ ဥပမာ – ကိုယ့်ရဲ့အသံကိုဖုန်းနဲ့ Recording လုပ်ပြီး ပြန်နားထောင်ကြည့်တာမျိုး လုပ်ကြည့်ပါ။

(၃) မှန်ရှေ့မှာရပ်ပြီး သီချင်းဆိုပါ။ မှန်ရှေ့မှာရပ်ပြီး သီချင်းဆိုခြင်းဟာ ကိုယ့်ရဲ့ အသံအနေအထားကို အမြင်နဲ့ပါ ပြန်လည်သုံးသပ်နိုင်မယ့်အပြင် ကိုယ့်ကိုယ်ကိုယုံကြည်မှုလည်း ပိုတိုးလာစေမှာပါ။
(၄) အသက်ရှုလေကျင့်ပါ။ လေကို ဖြည်းဖြည်းချင်း ရှုသွင်းမယ်။ ဖြည်းဖြည်းချင်း ပြန်ရှုထုတ်မယ်။ ဒီလိုဝင်လေထွက်လေ သဘောတရားကို သေချာလေ့ကျင့်မယ်ဆိုရင် သီချင်းဆိုတဲ့အခါ အသက် ခိုးရှုရတဲ့နေရာတွေရောက်ရင် အေးဆေးဖြစ်နေပါလိမ့်မယ်။
(၅) အသံကောင်းကောင်းနဲ့ သီချင်းဆိုချင်ရင် ရေခဲရေလုံးဝ မသောက်ပါနဲ့။ ရေခဲရေဟာ လည်ချောင်းအတွက် ပြဿနာပေးနိုင်ပါတယ်။ သင့်ရဲ့အသံကိုလည်း ဆိုးသွားစေမှာဖြစ်ပါတယ်။

(၆) အမြင့်သံတွေ လေ့ကျင့်တဲ့အခါ အားကုန်အော်တာမျိုးမလုပ်ဘဲ ဖြည်းဖြည်းချင်း အသံတက်လာတဲ့ပုံစံကိုလေ့ကျင့်ပါ။ အားကုန်အော်မယ်ဆိုရင် ဘေးပတ်ဝန်းကျင်အတွက်လည်း အဆင်မပြေဖြစ်နိုင်သလို အခန့်မသင့်ရင် အသံနာသွားနိုင်ပါတယ်။
(၇) Smule ၊ Joox တို့လို သီချင်းလို့ရတဲ့ Appတွေမှာ အပျော်တမ်းလေ့ကျင့်ပါ။ သံစဉ်မပါဘဲ လေ့ကျင့်တာထက်စာရင် တီးလုံးနားထောင်ပြီး သီချင်းဆိုလေ့ကျင့်တာဟာ သင့်ကို Key ပိုမှန်စေသလို အဝင်အထွက်တိုင်ပင်လည်း မှန်စေမှာဖြစ်ပါတယ်။
သီချင်းဆိုခြင်းဟာ အနုပညာတစ်ခုဖြစ်တာမလို့ ရင်ဘတ်ထဲက ခံစားပြီး သီချင်းနဲ့စီးမျောကာ သီဆိုကြည့်ပါ။ အထက်ပါအချက်တွေအတိုင်း လေ့ကျင့်မယ်ဆိုရင် လပိုင်းအတွင်း အသံအနေအထားကောင်းမွန်လာပြီး လူအများလက်ခံနိုင်လောက်တဲ့ အသံပိုင်ရှင်တစ်ယောက်ဖြစ်လာနိုင်ပါတယ်။

Lifestyle_Myanmar
ref-schoolofrock