ခန္ဓာကိုယ်မှာ အဆီပိုတွေမရှိဘဲ ကြွက်သားများ တောင့်တင်းကျစ်လျစ်ဖို့ဆိုတာက လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းတွေ အပြင်းအထန် ပြုလုပ်ရမယ့်အပြင် အဆီအဆိမ့် အစားအစာများကိုပါ ရှောင်ကြဉ်ရပါမယ်။ ဒါမှ အများအားကျလောက်စရာ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ စာဖတ်သူတို့ရော မိမိရဲ့ခန္ဓာကိုယ်အလေးချိန်ကို အားရကျေနပ်မှုရှိကြရဲ့လား။
တကယ်လို့ ကိုယ့်ခန္ဓာကိုယ်ကို စိတ်တိုင်းမကျဘူး။ ကိုယ်အလေးချိန်ကျချင်တယ်။ ဒါပေမယ့် အစားကလည်း မလျော့နိုင်ဘူး။ လေ့ကျင့်ခန်းပြုလုပ်ဖို့လည်း အချိန်မပေးနိုင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုကြည့်လိုက်ပါ။ အံ့သြစရာကောင်းလောက်အောင် ဝိတ်ကျသွားတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။
ဗိုက်ဆာတဲ့အချိန်မှာ ရေအဝသောက်ပါ။
ဗိုက်ဆာတယ်လို့ ခံစားရတိုင်း အမှန်တကယ် ဗိုက်ဆာတာမဟုတ်ပါဘူး။ ရေဓာတ်ခမ်းခြောက်ပြီး ရေငတ်တဲ့အချိန်မှာလည်း သင့်ခန္ဓာကိုယ်က ဗိုက်ဆာတယ်လို့ မှားယွင်းစွာ အချက်ပြတတ်ပါတယ်။ ဒါ့ကြောင့် ဗိုက်ဆာတိုင်း ရေအဝသောက်လိုက်ပါ။ ရေအဝသောက်ပြီးလို့မှ ဗိုက်ဆာနေသေးတယ်ဆိုရင်တော့ သင် အမှန်တကယ် ဗိုက်ဆာနေတာဖြစ်လို့ ထိုအချိန်ကျမှ အစားစားပါ။

တစ်ညကို ၇ နာရီ ၈ နာရီခန့် အိပ်ပါ။
အိပ်ချိန် လုံလုံလောက်လောက်မရှိတဲ့သူ၊ အိပ်ရေးပျက်သူများက ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားမိပြီး ဝိတ်အများကြီး တက်ကြပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝဝ အိပ်စက်ဖို့က သင့်ကျန်းမာရေးအတွက်သာမက ခန္ဓာကိုယ်ကျစ်လျစ်ဖို့အတွက်ပါ အရေးကြီးပါတယ်။

ပရိုတိန်းများများစားပါ။
ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ကြက်သားနဲ့ အနီရောင်ရှိတဲ့အသားများ၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ရိုးရိုးဒိန်ခဲ၊ မလိုင်ထုတ်ပြီး ဒိန်ခဲပျော့နဲ့ ပဲတောင့်ရှည်များ စားသုံးပေးပါ။ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာများက သင့်ကို ဗိုက်အမြန်ပြည့်စေပြီး ၁၂ ပတ်ကြာရင် ၁၀ ပေါင် ကျသွားပါလိမ့်မယ်။

ဗိုက်ဆာတဲ့အချိန်မှာ သကြားမပါတဲ့ ပူရှိန်းပီကေဝါးပါ။
စောစောက ဖော်ပြခဲ့တဲ့ရေသောက်ခြင်းနည်းလမ်းလိုပဲ ဒီနည်းလမ်းကလည်း အင်မတန်အသုံးတည့်ပါတယ်။ ပီကေဝါးခြင်းက အလွန်အမင်းဆာလောင်နေတဲ့စိတ်ကို လျော့ချပေးပြီး အစားအများကြီးမစားမိအောင် ထိန်းပေးမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ သကြားမပါတဲ့ပီကေကိုတော့ သေချာရွေးဖို့လိုအပ်ပါမယ်။ နို့မဟုတ်ရင် ကယ်လိုရီပိုတက်ပြီး ပိုဝလာနိုင်ပါတယ်။

သဘာဝသစ်သီးဖျော်ရည်များသာ သောက်သုံးပါ။
အချိုရည်ဘူးများက အလွယ်တကူဝယ်ယူပြီး သောက်သုံးနိုင်တာကြောင့် လူတော်တော်များများက သဘာဝသစ်သီးဖျော်ရည်ထက် အချိုဓာတ်လွန်ကဲစွာပါဝင်တဲ့ သဘာဝမဟုတ်သော အချိုရည်များကို သောက်သုံးလေ့ရှိကြပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့ ကျန်းမာရေးအတွက် မကောင်းတဲ့အပြင် ဝိတ်လည်းတက်စေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်မယ်ဆိုရင် သဘာဝသစ်သီးဖျော်ရည်လေးတွေပဲ အစားထိုးသောက်သုံးပေးပါ။ ဒါ့အပြင် ရေငတ်တဲ့အချိန်မှာလည်း ရေသောက်ရမယ့်အစား အချိုရည်သောက်သုံးတဲ့အလေ့အကျင့်ကို ဖျောက်ဖျက်သင့်ပါတယ်။

Lifestyle_Myanmar
ref-goodto