အစားလျှော့စားသူများနှင့် ကျန်းမာရေးလိုက်စားသူများအတွက် ဆာလောင်ခြင်းက အဆိုးရွားဆုံးသော ရန်သူတစ်ပါးပါပဲ။ အချိန်မှန်ဗိုက်ဆာခြင်းက သင့်ခန္ဓာကိုယ်ပုံမှန်အလုပ်လုပ်နိုင်ရန်အတွက် လိုအပ်သည့်အစာကို တောင့်တတာဖြစ်ပေမယ့်လည်း အစားစားပြီးတဲ့နောက်မှာမှ ဗိုက်ဆာနေသေးရင်တော့ ကောင်းတဲ့လက္ခဏာမဟုတ်တော့ပါဘူး။ ထိုမှတဆင့် နောက်ဆက်တွဲဆိုးရွားတဲ့ ရောဂါတွေထပ်မံမဖြစ်လာစေရေးအတွက် အခုကတည်းက ကြိုတင်ကာကွယ်နိုင်ရန် အကြောင်းအရင်းများကို ဖော်ပြပေးလိုက်ရပါတယ်။
အိပ်စက်ချိန်နည်းပါးခြင်း
အိပ်ချိန်မမှန်သူများနှင့် တစ်နေ့ကို ခုနှစ်နာရီမှ ရှစ်နာရီအထိ အိပ်ချိန်လုံလုံလောက်လောက် မရရှိသူများဟာ အချိန်ပြည့်ဗိုက်ဆာနေနိုင်ပါတယ်။ တစ်ရက်လောက် အိပ်ရေးပျက်လိုက်ရုံဖြင့် အစာစားချင်စိတ်နှင့် ဆက်စပ်နေတဲ့ ဟော်မုန်းနှစ်ခုအပေါ် ထိရောက်မှုရှိနိုင်သောကြောင့် ဗိုက်ပြည့်တဲ့ခံစားချက်ကို ပျောက်ရှသွားစေနိုင်ပါတယ်။

စိတ်ဖိစီးမှုလွန်ကဲခြင်း
စိတ်ဖိစီးမှုဒဏ်ကို အစားပိုစား၍ ဖြေဖျောက်ရန်ကြိုးစားခြင်းဟာ ခံစားနေရတဲ့စိတ်ဒဏ်ရာများကို မသက်သာစေနိုင်တဲ့အပြင် ကိုယ်အလေးချိန်တက်လာစေကာ အခြားကျန်းမာရေးဆိုင်ရာပြဿနာများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ထို့ကြောင့် အစားပိုစားမယ့်အစား လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

သွေးချိုပမာဏနည်းပါးခြင်း
ခန္ဓာကိုယ်အတွင်းရှိ ဂလူးကို့စ်ပမာဏဟာ အင်မတန်နည်းပါးသွားတဲ့အတွက် ဗိုက်ဆာလာစေတာဖြစ်ပါတယ်။ ဆာလောင်မှုအပြင် စိုးရိမ်ကြောင့်ကြခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ ချွေးထွက်ခြင်း၊ နေထိုင်မကောင်းခြင်း စတဲ့ ရောဂါလက္ခဏာများကိုလည်း နောက်ဆက်တွဲအနေဖြင့် ခံစားလာရနိုင်ပါတယ်။
ဆီးချိုရောဂါခံစားရခြင်း
ပုံမှန်အချိန်များတွင် စားသုံးလိုက်တဲ့အစာတွင်ပါဝင်သော သကြားဓာတ်ကို ခန္ဓာကိုယ်မှ ဂလူးကို့စ်အဖြစ်သို့ ပြောင်းလဲပေးပေမယ့်လည်း ဆီးချိုရောဂါခံစားနေရပြီဆိုရင်တော့ ထိုသကြားဓာတ်က အားအင်ကိုဖြစ်ပေါ်စေမယ့် တစ်သျှူးများအတွင်းသို့ ဝင်ရောက်နိုင်တော့မှာမဟုတ်ပါဘူး။ ဒီလိုဖြစ်ခြင်းက သင့်ကြွက်သားများနှင့် အခြားတစ်သျှူးများအား အစာတောင့်တမှုကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။

ရာသီချိန်ခါလက္ခဏာသွင်ပြင်များ
မိန်းကလေးများ သဘာ၀ ဖြစ်ပေါ်လေ့ရှိသော ရာသီချိန်နီးကပ်လာပြီဆိုရင် အစာစားချင်စိတ်ဖြစ်ပေါ်လာတာကို သတိထားမိမှာပါ။ ရာသီဖြစ်ပေါ်နေပါက မကြာခဏဗိုက်ဆာခြင်းအပြင် ဖောရောင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရင်သားနာကျင်ခြင်း၊ စိတ်အပြောင်းအလဲဖြစ်ခြင်း၊ အိပ်စက်မှုဆိုင်ရာပြဿနာ အမျိုးမျိုးတို့ကို ခံစားကြုံတွေ့လာရနိုင်ပါတယ်။
ရေဓာတ်ကုန်ခမ်းခြင်း
ခန္ဓာကိုယ်မှ အချိန်ကြာမြင့်အောင် ရေဓာတ်ကုန်ခမ်းလာပါက ဆာလောင်မှုကိုခံစားလာရနိုင်ပါတယ်။ အမှန်တကယ်က လူအများစုဟာ ရေဆာမှုကို အစာစားချင်စိတ်နှင့် မှားယွင်းတွေးတောမိတတ်ပါတယ်။ စားသုံးလိုက်တဲ့ အစာအတွင်းရှိ အာဟာရဓာတ်ကို ဆဲလ်များအသုံးပြုနိုင်ရန်အတွက် ရေကိုအထူးလိုအပ်သောကြောင့် အာဟာရချို့တဲ့ပါက အစာစားချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။

အရက်သောက်သုံးခြင်း
အရက်သေစာသောက်သုံးခြင်းဟာ ghrelin ဟော်မုန်းကို တိုးတက်စေတဲ့အတွက် ဗိုက်ပြည့်နေတဲ့အချိန်တွင်တောင်မှ ဆာလောင်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ထို့အပြင် လူများက အရက်သောက်နေစဉ်အတွင်း အစာပိုစားတတ်ကြပြီး ထိုဆာလောင်စိတ်က နောက်ဆက်တွဲအစာစားချိန်တွေကိုပါ ဆက်ကူးသွားနိုင်ပါတယ်။
Lifestyle_Myanmar
ref-health.clevelandclinic