အလုပ်ခွင်ဝင်ဖို့ဆိုရင် အရေးကြီးဆုံးက အင်တာဗျူး ဖြေဆိုတဲ့အချိန်ပါ။ ပထမဆုံးအင်တာဗျူးဖြေဆိုချိန်ဟာ အလုပ်ရှင်နဲ့ ကိုယ်နဲ့ကြား အပြန်လှန်လေ့လာအကဲဖြတ်ရမယ့် အချိန်ဖြစ်တာကြောင့် အဲ့ဒီအချိန်ကတည်းက ကိုယ်အနေနဲ့ တလွဲတွေလုပ်ခဲ့မယ်ဆိုရင် ဘယ်လုပ်ငန်းရှင်ကမှ ကိုယ်ကိုယုံကြည်စွာအလုပ်အပ်နှံဖို့ရဲမှာမဟုတ်ပါဘူး။ ဒါကြောင့် အင်တာဗျူး သွားဖြေမယ့်သူတွေအနေနဲ့ လုံးဝမလုပ်သင့်တဲ့ အမှားကြီး (၅) ချက်ကို ပြန်လည်မျှဝေပေးချင်ပါတယ်။
အချိန်
လုပ်ငန်းရှင်တော်တော်များများနဲ့ စည်းကမ်းထိန်းသိမ်းရေးပိုင်းမှာတာဝန်ယူရတဲ့ HR အကြီးအကဲတွေအနေနဲ့ အချိန်တိကျသူကို ပိုပြီးသဘောကျပါတယ်။ အင်တာဗျူးဖြေမယ့် အချိန်ထက် နာရီဝက်လောက် စောရောက်နေတာဟာ သင့်အတွက် အများကြီးမထိခိုက်နိုင်ပေမယ့် အချိန်နာရီဝက်လောက်နောက်ကျမှ ရောက်မယ်ဆိုရင်တော့ ပွဲဦးထွက်အင်တာဗျူးမှာတင် သင့် ကိုအလုပ်ခန့်ဖို့ တွေဝေသွားပါလိမ့်မယ်။

အဝတ်အစား
အင်တာဗျူးဖြေတဲ့အခါဝတ်ဆင်ရမယ့် ဝတ်စုံမျိုးတော့ တရား ဝင်သတ်မှတ်မထားပေမယ့် သပ်သပ်ရပ်ရပ်ကြည့်ကောင်းအောင်တော့ ဝတ်ဆင်ရပါမယ်။ကိုယ်က လူငယ်ဖြစ်ပေမယ့်လည်း လုပ်ငန်းဝင်တော့မယ်ဆိုရင် အနည်းငယ်လူကြီးဆန်ရမှာ ဖြစ်ပြီး ဝတ်တာစားတာကအစ လူငယ်ဆန်တဲ့ နားကပ်တွေ မျက်စိရှုပ်စေမယ့် ဖန်စီဆွဲကြိုးနဲ့ Accessories ပစ္စည်းတွေကိုလည်း ဝတ်ဆင်သွားခြင်းမှရှောင်ကြဉ်ရပါမယ်။

CV Form
အခုလိုတိုးတက်နေတဲ့ Digital ခေတ်ကြီးမှာ CV ဖောင်ကို မိတ္တူဆိုင်ကအလွယ်တကူဝယ်လို့ရတဲ့ (၅၀) တန် CV ဖောင်နဲ့တော့ မသုံးသင့်တော့ပါဘူး။ ကိုယ်တိုင်စာရိုက်ပြီး အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ ရေးသားထားတဲ့ CV ဖောင်မျိုးကိုပဲ သုံးသင့်ပါတယ်။ CV ဖောင်ဟာလည်း ကိုယ့်ရဲ့ Profile တစ်ခု ဖြစ်တာကြောင့် အလုပ်အင်တာဗျူးဖြေတဲ့အခါ သေချာပြင်ဆင်သွားသင့်ပါတယ်။

လက်ကိုင်ဖုန်း
အင်တာဗျူးဖြေမယ့်အခန်းထဲသို့ ကိုယ်ရဲ့လက်ကိုင်ဖုန်းတွေကို ယူမသွားသင့်ပါဘူး။ တစ်ချို့ အလုပ်တွေကတော့ ဖုန်းတွေ အိတ်တွေကို Reception မှာ အပ်ခဲ့လို့ရပါတယ်။ အကယ်၍ အဲ့လိုအပ်နှံလို့ မရခဲ့ရင်လည်း လက်ကိုင်ဖုန်းတွေကို ကိုယ်ရဲ့ အိတ်ထဲမှာပဲ ထည့်ထားပါ။ အသံကိုလည်း Silent လုပ်ထားပါ။ အင်တာဗျူးလုပ်နေတဲ့ အခန်းထဲ မတာ်တဆဖုန်းသံအကျယ်ကြီး ထမြည်လာတဲ့အခါ အရမ်းကိုနှောက်ယှက်ဖြစ်စေပါတယ်။

ကိုယ်နေဟန်အထား
အင်တာဗျူးဖြေတဲ့အခါ ကိုယ်နေဟန်အထားကလည်း အရမ်းအရေးကြီးပါတယ်။ တက်တက်ကြွကြွနဲ့ ဖျတ်လတ်သွက်လက်တဲ့ သူတစ်ယောက်ပုံစံဖြစ်နေမှ အလုပ်ရှင်ကလည်း ကိုယ့်ကို အလုပ်ခန့်အပ်ချင်မှာဖြစ်ပါတယ်။ ကိုယ်က စိတ်မပါလက်မပါနဲ့ ယုံကြည်မှုမရှိ ကြောက်ရွံနေမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယုံကြည်မှုအရှိလွန်ပြီး ခြေချိတ်ထိုင်တာမျိုး လက်ပိုက်ထားတာမျိုးတွေကလည်း အင်တာဗျူးမယ့် လူကြီးတွေအမြင်မှာ လုံးဝအဆင်ပြေမှာ မဟုတ်ပါဘူး။

Lifestyle_Myanmar
ref-prospects