နေ့စဉ်ဘဝမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်နဲ့တစ်ခါမှမသိကျွမ်းသေးတဲ့ သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရတာတွေရှိပါတယ်။ တစ်ချို့ပေါင်းသင်းဆက်ဆံရေးမှာ ကျွမ်းကျင်နေပြီးသားလူတွေအနေနဲ့ သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ လွယ်လွယ်ကူကူရှိပေမယ့် တစ်ချို့လူတွေအတွက်ကတော့ ကိုယ်နဲ့မသိကျွမ်းသေးတဲ့ သူစိမ်းတွေနဲ့ စကားပြောဆိုဆက်ဆံတဲ့နေရာမှာ ရှိန်နေတာမျိုး အမ်းနေတာမျိုးတွေရှိတတ်ပါတယ်။ ဒီနေ့မှာတော့ ဒီလို သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ အခက်အခဲရှိသူတွေအနေနဲ့ အမြန်ဆုံးရင်းနှီးမှုရဖို့ လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) အပြုံးနဲ့နှုတ်ဆက်ပါ
သူစိမ်းတစ်ယောက်နဲ့ စတင်တွေ့ဆုံရပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် နည်းနည်းတော့ ရှိန်နေတာမျိုးဖြစ်ကြမှာပါ။ ဒါပေမယ့် သင့်ဘက်ကနေ အပြုံးလေးတစ်ပွင့်နဲ့လှိုက်လှိုက်လှဲလှဲ စတင်ပြုံးပြ နှုတ်ဆက်လိုက်မယ်ဆိုရင်တော့ သင်နဲ့သူစိမ်းကြားက ရှိန်နေတဲ့စိတ်တွေကို လျော့သွားမှာဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ပြုံးပြပြီးနှုတ်ဆက်တယ်ဆိုတာ တကယ့်ကိုချစ်စရာကောင်းတဲ့ အလေ့အထတစ်ခုဖြစ်သလို ရင်းနှီးမှုကိုလည်း ပိုတိုးသွားစေမှာဖြစ်ပါတယ်။

(၂) ချီးကျူးစကားပြောပါ
ကိုယ်နဲ့ပတ်သက်ပြီး ချီးကျူးစကားပြောဆိုခံရတာကို မကြိုက်တဲ့သူမရှိလောက်ပါဘူး။သင့်အနေနဲ့ သူစိမ်းတစ်ယောက်နဲ့ စတင်မိတ်ဆက်တဲ့အခါ အရင်ဆုံးသူရဲ့ ကောင်းကွက်လေးတစ် ခုကိုရှာလိုက်ပါ။ ဥပမာ ဝတ်ထားတဲ့ဝတ်စုံက မင်းနဲ့ အရမ်းလိုက်ဖက်တာပဲ မင်းဖိနပ်က သိပ်လှတာပဲ စသည်ဖြင့် ချီးကျူးစကားပြောမယ်ဆိုရင် သင်နဲ့ သူစိမ်းလူတစ်ယောက်ရဲ့ ကြားရင်းနှီးမှုအမြန်ဆုံး ရရှိစေမှာဖြစ်ပါတယ်။

(၃) မျက်လုံးချင်းဆုံကြည့်ပြီးစကားပြောပါ
လူတစ်ယောက်နဲ့တစ်ယောက် စကားပြောဆိုတဲ့နေရာမှာ အာရုံစိုက်မှုအပြည့်နဲ့ ပြောဆိုခြင်းက တကယ့်ကိုလူကြီးလူကောင်းဆန်တဲ့ အပြုအမူဖြစ်သလို တစ်ဖက်လူကိုလည်းလေးစားရာရောက်စေပါတယ်။ ဒါကြောင့် သူစိမ်းတစ်ယောက်နဲ့ စကားပြောဆိုတဲ့အခါမျိုးမှာ မျက်လုံးချင်းဆုံပြီး စကားပြောဆိုပါ။ တစ်ဖက်လူရဲ့စကားကိုလည်း သေချာအာရုံစိုက်ပြီးနားထောင်ပါ။ မကြာခင်မှာ ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်သွားမှာဖြစ်ပါတယ်။

(၄) ဘာဝါသနာပါလဲမေးပါ
သူစိမ်းတစ်ယောက်နဲ့စကားပြောတဲ့အခါ အချိန်နည်းနည်းကြာသွားတာနဲ့ ဘာပြောလို့ပြောရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်တို့ရဲ့စကားဝိုင်းကို ဆက်နိုင်ဖို့အကောင်းဆုံးနည်းလမ်းတစ်ခုက ဘာဝါသနာပါလဲဆိုတာ မေးမြန်းခြင်းဖြစ်ပါတယ်။ အကယ်၍ သင်နဲ့ သူရဲ့ဝါသနာချင်း တိုက်ဆိုင်နေမယ်ဆိုရင် ပိုပြီးတောင်ရင်းနှီးဖို့ ရာခိုင်နှုန်းများပါသေးတယ်။

Lifestyle_Myanmar
ref-lifehack