စိတ် ဆိုတာ အမြဲတမ်း အတက်အကျနဲ့သွားနေတာ သဘာဝပါ။ ဒါပေမယ့် စိတ်ဓါတ်ကျတာ ၊ စိတ်ရှုပ်စိတ်ညစ်တာ ကြာလာလို့ ဟိုဟိုဒီဒီ လျှောက်တွေးပြီး ကိုယ့်ကိုယ်ကို စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေပြီလို့ ထင်ရင်တော့ မပေါ့ဆသင့်တော့ပါဘူး။
(၁) ကိုယ့်ကိုယ်ကို မဆန်းစစ်ပါနဲ့
စိတ်ထိခိုက်မှု ရှိတယ်လို့ကိုယ့်ကိုယ်ကို ယူဆလာရင် Google ခေါက်ပြီး စိတ်ရောဂါအကြောင်းတွေ မဖတ်ပါနဲ့။ ကျွမ်းကျင်တဲ့ စိတ်ပညာရှင်တစ်ယောက်နဲ့တိုင်ပင်ပြီး အကြံယူပါ။ ကိုယ်ခံစားနေရတာ ယာယီပြဿနာလား။ ဒါမှမဟုတ် ကုထုံးလိုသလားဆိုတာ သေချာအောင် လုပ်ပါ။

(၂) အလွန်အကျွံ မစိုးရိမ်ပါနဲ့
စိတ်ပိုင်းပြဿနာဖြစ်တယ်ဆိုတာ ပိုရှုပ်ထွေးပါတယ်။ လူကို အများကြီး လှည့်စားပါတယ်။ တစ်နေ့ထက် တစ်နေ့ခံစားနေတဲ့ ပုံစံကလည်း အပြောင်းအလဲ ဆက်တိုက်ရှိပါတယ်။ ဒီအပေါ်မှာ ကြိုတွေးပြီး စိတ်သောကရောက်တာ ၊ ထိတ်လန့်တကြားဖြစ်တာတွေ မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းဖို့လိုပါတယ်။ အကောင်းဆုံးက ကျွမ်းကျင်သူနဲ့တိုင်ပင်လိုက်ပါ။
(၃) ရင်ဖွင့်ဖို့မကြောက်ပါနဲ့
မိတ်ဆွေကောင်းတစ်ယောက်ကို ကိုယ်ဖြစ်နေတဲ့ စိတ်ခံစားမှုအကြောင်း ပြောဖို့လိုပါတယ်။ ခံစားချက်တွေကို ဖွင့်မထုတ်တတ်တာဟာ အန္တရာယ်များပါတယ်။ အမြော်အမြင်ရှိပြီး ကိုယ့်ကို နားလည်စာနာတတ်တဲ့ မိတ်ဆွေဟာ ကိုယ့်ကို စိတ်သက်သာရာရအောင် အကြံပေးနိုင်သလို ဘာဆက်လုပ်သင့်တယ်ဆိုတာပါ လမ်းညွှန်နိုင်မှာပါ။

(၄) ကိုယ့်အသိပညာနဲ့ကိုယ် ပြန်စောင့်ရှောက်ပါ
တစ်ဘဝလုံး သိထား သင်ထားတဲ့ အသိပညာတွေဟာ ကိုယ့်ရဲ့ စိတ်ခံစားမှုကို ကောင်းတဲ့ဘက်ရောက်အောင် ထိန်းကျောင်းခွင့်ပေးပါ။ နောက်တစ်ခုက စိတ်ပိုင်း ထိခိုက်တဲ့ လက္ခဏာပြတာနဲ့စိတ်ဝေဒနာဖြစ်ပြီလို့တစ်ထစ်ချ မမှတ်သင့်ပါဘူး။ ဒါက အခုမှ စတာလည်း ဖြစ်နိုင်ပါတယ်။ ရှေ့လျှောက် ကိုယ့်စိတ်ကို ကိုယ် ပြန်ထိန်းကျောင်းနိုင်ပါသေးတယ်။
(၅) အစားအသောက် အနေအထိုင် ပြုပြင်ပါ
အရက်နဲ့ဆေးလိပ် သောက်ဖြစ်တယ်ဆိုရင် လုံးဝဖြတ်ပါ။ စွဲလမ်းနေတဲ့ အဆင့်ဆိုရင် ဆေးရုံဆေးခန်းသွားပြီး ဖြတ်ပါ။ အကောင်းဆုံးက ကျန်းမာတဲ့ Lifestyle တစ်ခုနဲ့နေပါ။ အေးချမ်းတဲ့ နေရာမှာ တစ်ပတ် ဆယ်ရက် သွားနားပါ။ အားကစားလုပ်ပြီး တရားထိုင်ပါ။ အသက်ရှုလေ့ကျင့်ခန်းတစ်ခုခုကို နေ့တိုင်း လုပ်ပါ။

ကိုယ့်စိတ်ကို အနှောင့်အယှက်ဖြစ်စေမယ့် လူတွေနဲ့မတွေ့အောင် ခဏရှောင်ပါ။ အလုပ်ချည်းပဲ ထိုင်ရာမထ လုပ်တဲ့ အကျင့်ကို ဖျောက်ပြီး တတ်နိုင်ရင် လုပ်သက်ခွင့်ယူပြီး အနားယူပါ။ စိတ်အေးချမ်းစေမယ့် နည်းလမ်းတွေကို ရှာပြီး ကိုယ့်စိတ်ကို ပြုပြင်မယ်ဆိုရင် ယာယီစိတ်ခံစားမှု ပြဿနာကို ရှင်းထုတ်နိုင်မှာပါ။
Lifestyle_Myanmar
ref-mayoclinic