ဂီတ သင်ခန်းစာတွေဟာ လူတွေရဲ့ IQ ကို မြှင့်တင်ပေးနိုင်ပြီး အထူးသဖြင့် အသက်ကြီးတဲ့ အခါမေ့လျော့တတ်တာကို ပိုပြီးရှင်းလင်းစေပါတယ်။ အောက်က အချက်တွေကတော့ ဂီတသံစဉ်တွေက ဘယ်လိုကောင်းကျိုးတွေပေးနိုင်တယ်ဆိုတာ သိပ္ပံနည်းကျတွေ့ရှိထားတဲ့ အချက်တွေပါ။
(၁) ဂီတက သင့်ကိုပျော်ရွှင်စေတယ်
သီချင်းတပုဒ်ကိုနားထောင်တဲ့အခါ ဦးနှောက်ကပျော်ရွှင်စေတဲ့ ဒိုပါမင်ဟော်မုန်းကို ထုတ်လွှတ်ပေးတယ်လို့ အာရုံကြောသိပ္ပံတက္ကသိုလ်တစ်ခုက စမ်းသပ်တွေ့ရှိခဲ့ပါတယ်။ ကားမောင်းနေစဉ်သီချင်းဖွင့်ထားရင် အာရုံစူးစိုက်မှု ပိုကောင်းစေပြီး လုံခြုံတယ်လို့ခံစားရစေတယ်လို့လည်း ဆိုပါတယ်။

(၂) ဂီတကစွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေတယ်
အပြေးသမားတယောက်ဟာ စိတ်ခွန်အားရစေတဲ့သီချင်း (သို့) တေးဂီတသံစဉ်တစ်ခုခုကို နားထောင်ရင်းပြေးတဲ့အခါ တခြားအပြေးသမားတွေထက် သူတို့ရဲ့ပထမဆုံးမီတာ ၈၀၀ ကို ပိုမြန်မြန်ပြေးနိုင်တာကိုတွေ့ပါတယ်။ သင့် အနေနဲ့ ပြေးတဲ့အခါ ဒါမှမဟုတ်လေ့ကျင့်ခန်း တစ်ခုခုလုပ်တဲ့အခါမှာလည်း သီချင်းဖွင့်ထားရင်စွမ်းရည်ပိုတိုးတက်လာ တာတွေ့ရမှာပါ။

(၃) ဂီတကစိတ်ဖိစီးမှုကိုလျော့စေပြီး ကျန်းမာစေတယ်
တေးဂီတာနားထောင်တာက စိတ်ဖိစီးမှုဟော်မုန်းကိုလျော့နည်းစေပါတယ်။ လေ့လာမှုတခုအရ လူတွေရဲ့ ခုခံအားစနစ်အမျိုးမျိုးဟာ တီးမှုတ်ခြင်းနဲ့တေးဂီတသံစဉ်ထဲမှာ တက်တက်ကြွကြွပါဝင်တဲ့အခါ ကိုယ်ခံစွမ်းအားပိုတိုးတက်ကောင်းမွန်လာတာတွေ့ပါတယ်။ သင့်အနေနဲ့ စိတ်ဖိစီးမှုများတဲ့နေ့တွေမှာဆို သင်ကြိုက်တဲ့ရေဒီယိုတခုသာဖွင့်ထားလိုက်ပါ။

(၄) ဂီတကသင့်ကို အိပ်စက်အနားယူစေတယ်
လေ့လာမှုတခုအရ ဂန္တဝင်တေးဂီတ တစ်ခုကို အိပ်စက်ချိန်မတိုင်မီ ၄၅ မိနစ်ခန့်နားထောင်တဲ့အခါ လုံးဝနားမထောင်တဲ့သူတွေထက် သိသိသာသာပိုကောင်းကောင်းအိပ်စက်ခဲ့ကြတယ်လို့ဆိုပါတယ်။ အိပ်စက်ခြင်းသုတေသနတွေ့ရှိချက်အရ ဂန္တဝင်တေးဂီတနားထောင်ပြီးအိပ်စက်သူများဟာ စိတ်ဖိစီးမှုလည်းလျော့ကျပြီး စိတ်ကျရောဂါလက္ခဏာတွေ့ရှိမှု နည်းသွားတာတွေ့ရပါတယ်။

(၅) ဂီတကသင်ယူမှုနဲ့ မှတ်ဉာဏ်အားကောင်းစေတယ်
သုတေသီများက ဂီတသည်သတင်းအချက်အလက်များကို ပိုမိုလေ့လာ သင်ယူရန်နဲ့ ပြန်လည်မှတ်မိရန် ကူညီနိုင်တာကိုတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဂီတတူရိယာတခုသင်ယူခြင်းက ကျောင်းသားလူငယ်တွေရဲ့ စာရေးစာဖတ်နဲ့တတ်မြောက်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ဆိုပါတယ်။
Lifestyle_Myanmar
ref-storypick