သင့်ဘဝအတွက် အချစ်စစ်ကိုရှာဖွေဖို့ခက်ခဲနေပြီး အချစ်ရေးကံမကောင်းရခြင်းရဲ့ အကြောင်းရင်းအချို့

0
2281

Relationship တစ်ခုကို ခိုင်မြဲအောင်တည်ဆောက်ဖို့ဆိုတာ မလွယ်ကူသလိုပဲ ကိုယ်နဲ့အဆင်ပြေမယ့် လက်တွဲဖော်ကို ရှာဖွေရတာဟာလည်း အရမ်းကိုခက်ခဲပါတယ်။ တစ်စုံတစ်ယောက်ကို ကိုယ့်ရဲ့ဘဝအတွက် ရွေးချယ်တော့မယ်ဆိုရင် ကိုယ်ကသူ့အပေါ်မှာ အပြည့်အဝယုံကြည်မှု၊ လေးစားမှု ရှိရဲ့လား၊ သူကကော ကိုယ့်ကိုဘယ်လောက်ထိ နားလည်မှုပေးနိုင်ပြီး၊ ကိုယ့်အပေါ်မှာ ယုံကြည်မှု၊ လေးစားမှုနဲ့ တန်ဖိုးထားမှု ရှိရဲ့လားဆိုတာကို အရင်ဆုံးစဥ်းစားဆုံးဖြတ်ဖို့လိုမှာပါ။

ဒါပေမယ့် တချို့အခြေအနေတွေကြောင့် လမ်းခွဲရတာတွေ၊ ကိုယ့်ရဲ့ဖူးစားဖက်ကို ရှာဖွေနိုင်ဖို့ ခက်ခဲနေရတာတွေ ရှိတတ်တာကြောင့် ဘယ်လိုအကြောင်းရင်းတွေက သင့်ကို အချစ်ရေးမှာ ကံဆိုးစေတယ်ဆိုတာကို ဖော်ပြလိုက်ပါတယ်။ ယခုအကြံပေးမှုတွေနဲ့အတူ အကောင်းဆုံး relationship တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ။

၁။ သင့်ရဲ့စိတ်က အရင်တစ်ယောက်ဆီကနေ ခွာနိုင်စွမ်းမရှိဘူး
အရင်တုန်းက ex နဲ့ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ၊ အမှတ်တရတွေကို ဖိုင်တစ်ခုထဲမှာ သိမ်းထားပြီး စွန့်ပစ်နိုင်စွမ်းမရှိဘူး၊ သူ့ရဲ့ ဖေ့ဘွတ်အကောင့်လေးကို unfriend လုပ်ထားပေမယ့် မကြာခဏဝင်ကြည့်မိနေမယ်၊ block ဖို့အတွက်လည်း သတ္တိ မရှိဘူးဆိုရင် သင်ရှေ့ကို ခရီးဆက်ဖို့ အရမ်းခက်ခဲပါလိမ့်မယ်။
သူ့မှာနောက်ထပ်ချစ်သူတစ်ယောက်မရှိသေးရင်တော့ သင့်ရဲ့လုပ်ရပ်မှန်ကောင်းမှန်နိုင်ပေမယ့်၊ သူ့မှာချစ်သူရှိရင် သို့မဟုတ် အရင်လိုမျိုးသင်တို့နှစ်ယောက် ပြန်လက်တွဲမယ်ဆိုရင်တောင် အဆင်မပြေမှုတွေနဲ့ပဲ ကြုံနေရမယ့် အခြေအနေတွေ ရှိမယ်ဆိုရင် စောစောစီးစီး မေ့ပစ်လိုက်တာ အကောင်းဆုံးပါပဲ။
ဖတ်ပြီးသွားတဲ့ စာမျက်နှာအဟောင်းမှာပဲ ရပ်တန့်နေမယ်ဆိုရင် စိတ်ဝင်စားစရာကောင်းတဲ့ နောက်ထပ်စာမျက်နှာတွေက အကြောင်းအရာတွေကို သင်ဆုံးရှုံးရပါလိမ့်မယ်။ ဒါပေမယ့် သူ့ကိုမေ့ချင်တဲ့စိတ်နဲ့ နောက်ထပ်ချစ်သူတစ်ယောက်ကို ရှာဖွေဖို့တော့ မကြိုးစားပါနဲ့။ သင့်ရဲ့အနာဟောင်းမကျက်ခင်မှာ နောက်ထပ်ဒါဏ်ရာတစ်ခုထပ်ရနိုင်လို့ပါ။ အကောင်းဆုံးက သင့်ကိုယ်သင်အချိန်ပေးပြီး ပျော်ပျော်နေဖို့ပါပဲ။

၂။ သင့်မှာမတ်စောက်တဲ့ မျှော်လင့်ချက်တွေရှိရင်
သင့်ရဲ့ဘဝကို နတ်သမီးပုံပြင်ထဲကအတိုင်း အလှဆုံးဖြစ်ချင်မှာပါ။ တကယ်တော့ လက်တွေ့ဘဝနဲ့ လူအစစ်တွေဟာ ဘယ်သူမှပြီးပြည့်စုံတယ်ဆိုတာ မရှိနိုင်ပါဘူး။ တကယ်လို့ လူတစ်ယောက်ရဲ့ အပြစ်အနာတွေကို သင့်မှာလက်ခံနိုင်စွမ်းမရှိဘူးဆိုရင် ကမ္ဘာမှာသင်ရှာဖွေနေတဲ့သူ မရှိဘူးဆိုတာ သတိရပါ။ ဘယ်သူကိုမှ မထိခိုက်တဲ့ အပြစ်အနာရှိတဲ့သူ၊ သင့်ကိုတကယ်မြတ်မြတ်နိုးနိုး ချစ်ပြီးစောက်ရှောက်ပေးမယ့်သူဆိုရင် သူ့ရဲ့အပြစ်အနာတွေအတွက်နဲ့ ကျောမခိုင်းသင့်ပါဘူး။

၃။ ပိုင်ရှင်ရှိပြီးသားလူကို သင်ချစ်မိနေတဲ့အခါ
အချစ်ကဆန်းကြယ်တယ်။ တစ်ခါတစ်လေ ကိုယ်အရူးအမူးချစ်မိတဲ့သူဟာ ပိုင်ရှင်ရှိပြီးသားလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကြောင့် သူတပါးထိခိုက်မှာ သို့မဟုတ် နာကျင်စရာအဆုံးသတ်တွေ ကြုံရမှာကိုသိရင် အမြန်ဆုံးနောက်ဆုတ်လိုက်တာအကောင်းဆုံးပါ။ ဒီအတွက် သင့်နှလုံးသားက ပြင်းပြင်းထန်ထန် နာကျင်နိုင်ပါတယ်။ ဒါပေမယ့်ကြာလာတာနဲ့အမျှ ယခုလိုနောက်ဆုတ်ခဲ့တဲ့အတွက် ရရှိလာမယ့်ကောင်းကျိုးတွေကို သင်ပြန်လည်ခံစားရမယ်ဆိုတာကို သတိရပါ။ သူတပါးပိုင်တဲ့အရာကို ပိုင်ဆိုင်လိုစိတ်နဲ့ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မဖြုန်းတီးလိုက်ပါနဲ့။

၄။ သင့်မှာ ယုံကြည်မှုဆိုင်ရာ ပြဿနာရှိနေရင်
ခဲမှန်ဖူးတဲ့ စာသူငယ်လို သင့်ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံရပြီး အသဲကွဲခဲ့ရင် နောက်ထပ်ယခုလိုမျိုးအလိမ်ခံရမှာကို စိုးရိမ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးက သင့်ရဲ့ Ex လိုမျိုးမဟုတ်ဖူးဆိုတာကို သတိထားဖို့လိုပါတယ်။ အခြားသူတွေပြောတာတွေကို နားမယောင်ပဲ လူတစ်ယောက်စီတိုင်းအတွက် ယုံကြည်မှုအကန့်တော့ပေးဖို့ လိုအပ်ပါတယ်။ လက်တွေ့ဘဝမှာ ယောကျ်ားတွေအားလုံးအတူတူပဲ၊ တစ်ယောက်မှမကောင်းဖူး ဆိုတဲ့ မိန်းမဝါဒီတွေကို လေ့လာကြည့်ရင် တစ်ခါအလိမ်ခံခဲ့ရလို့၊ သို့မဟုတ် စိတ်ကူးယဥ်လွန်လို့ သို့မဟုတ် ကြိုက်မယ့်သူမရှိလို့ စသဖြင့်တခုခုကြောင့်ဆိုတာကို တွေ့ရပါလိမ့်မယ်။

၅။ ချုပ်ချယ်ခံရမှာကြောက်လို့
တချို့ကပြောပါလိမ့်မယ်၊ Single ပဲကောင်းပြီး အရာရာကိုလွတ်လပ်စွာသွားလာလှုပ်ရှားလို့ရတယ်လို့ ဆိုကြပါလိမ့်မယ်။ ဒါပေမယ့် သေချာစဥ်းစားကြည့်ရင် relationship ဆိုတာဟာ တစ်ယောက်ကိုတစ်ယောက် ချုပ်ချယ်တမ်းကစားတဲ့ ဂိမ်းတစ်ခုမဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နားလည်မှုနဲ့ အတူတူခရီးဆက်ရမယ့်အဖော်ပါ။ ဒါကြောင့် Relationship ကို လှောင်အိမ်တစ်ခုလို မမြင်ပါနဲ့။ ဒါပေမယ့် ကိုယ့်ကို မထိန်းချုပ်တတ်တဲ့သူ၊ relationship နဲ့ပတ်သတ်ပြီး နားလည်မှုရှိတဲ့သူကို ကိုယ်တိုင်တော့ သေချာရွေးဖို့လိုပါလိမ့်မယ်။

၆။ သင်ကအရမ်းမြန်နေလို့
ပထမဆုံးချိန်းတွေ့တဲ့ အချိန်မှာတင် မင်္ဂလာဆောင်မှာ ဝတ်မယ့်အဝတ်အစားအကြောင်း အစီအစဥ်မဆွဲပါနဲ့။ ဒီလိုပါပဲ relationship တစ်ခုမှာ စစချင်းမှာ အရမ်းလောရင်လည်း တခြားသူကို ထိတ်လန့်စေပါတယ်။ အလောတကြီးနဲ့ စီစဥ်ခြင်းကြောင့် ဆိုးရွားတဲ့လူကို သင်ရွေးချယ်မိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်ကိုတစ်ယောက် အပြည့်အဝနားလည်ပေးနိုင်တဲ့အထိ စောင့်ကြည့်အကဲခတ်ဖို့ လိုပါတယ်။


LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here