ပြုံးရယ်ခြင်း က အစွမ်းထက်ဆုံး ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ အပြုံးစစ်နဲ့ ပြုံးမှ အာနိသင်ပြမှာပါ။ အပြုံးတုနဲ့ ဖျစ်ညှစ်ပြီးပြုံးနေမယ်ဆိုရင်တော့ အချည်းနှီးပါပဲ။ တချို့သူတွေက အပြုံးတုကို ဖောက်ထွင်းမြင်နိုင်တယ်ဆိုတာ မမေ့လိုက်ပါနဲ့။ ဒါ့ကြောင့် ပျော်ရွှင်စရာလေးတွေပဲတွေးပြီး အပြုံးစစ်လေးနဲ့ ပုံဖော်ပေးလိုက်ပါ။
အပြုံးက သင့်အတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တယ်ဆိုတာကိုရော စာဖတ်သူတို့ သိပြီးပါပြီလား။
စိတ်ဖိစီးမှုကို လျော့ချပေးတယ်။
ယနေ့ခေတ်မှာ လူတော်တော်များများကြုံတွေ့နေရတဲ့ အဓိကပြဿနာတစ်ရပ်ကတော့ စိတ်ဖိစီးမှုပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုက ကျန်းမာရေးကိုလည်း ထိခိုက်နိုင်တာကြောင့် စိတ်ညစ်စရာကိုပဲ အချိန်ကုန်ခံတွေးမနေပါနဲ့။ ပြုံးရယ်ခြင်းအားဖြင့် စိတ်ဖိစီးမှုဟော်မုန်းတွေကို လျော့ချလိုက်ပါ။

စိတ်ခံစားချက်ကို ကောင်းမွန်စေတယ်။
စိတ်ဓာတ်ကျပြီး မပျော်မရွှင်ဖြစ်နေပါသလား။ အပြုံးလေးတစ်ပွင့်သာ ဆင်မြန်းလိုက်ပါ။ စိတ်ညစ်နေပါတယ်ဆိုမှ ဘယ်လိုလုပ်ပြုံးနိုင်မှာလဲလို့ မေးစရာရှိပါတယ်။ အဖြေလေးကတော့ ကိုယ့်ကိုပျော်ရွှင်စေတဲ့ အမှတ်တရကောင်းလေးတွေကိုသာ တွေးတောရင်း ကြိုးစားပြီး ပြုံးလိုက်ပါ။ စိတ်ညစ်စရာတွေ ပျောက်သွားပါလိမ့်မယ်။

ယုံကြည်မှုကို တည်ဆောက်နိုင်တယ်။
လေ့လာတွေ့ရှိချက်အရ စစ်မှန်တဲ့အပြုံးနဲ့ ပြုံးရယ်တတ်တဲ့သူက လူအများရဲ့ချစ်ခင်မှုကို ရရှိပိုင်ဆိုင်နိုင်သလို ယုံကြည်မှုကိုလည်း ရရှိနိုင်ပါတယ်။ လူမှုဆက်ဆံရေးတစ်ခုက ယုံကြည်မှုနဲ့တည်ဆောက်ရတာဖြစ်တဲ့အတွက်ကြောင့် စစ်မှန်တဲ့စိတ်ရင်းနဲ့သာ ပြုံးပြလိုက်ပါ။ ကိုယ့်ရဲ့စိတ်ရင်းစေတနာက တစ်နေ့မှာရောင်ပြန်ဟပ်ပါလိမ့်မယ်။

ကိုယ်ချင်းစာစိတ်ကို တိုးမြှင့်ပေးတယ်။
သင်က ထူးဆန်းတဲ့အရာတစ်ခုခု ပြုလုပ်တာကို အခြားတစ်ယောက်မြင်တဲ့အခါ သင့်ဦးနှောက်ရဲ့အလိုအလျောက် တုံ့ပြန်မှုက ထိုသူကို ရှက်ပြုံးပြုံးပြလိုက်တာပဲဖြစ်ပါတယ်။ ဥပမာ စာသင်ချိန်မှာ မုန့်ခိုးစားနေတာကို သင့်အတန်းဖော်တစ်ယောက်ယောက်က မြင်သွားတဲ့အခါ သူ့ကို ရှက်ပြုံးပြုံးပြလိုက်ခြင်းဖြင့် “အော်… သူ ဗိုက်ဆာလို့ စားတာပဲလေ” ဆိုပြီး ကိုယ်ချင်းစာစိတ်တစ်ခု ဝင်သွားပါတယ်။ ဒါ့ကြောင့် အပြုံးက လူတစ်ယောက်ရဲ့ ကိုယ်ချင်းစာစိတ်ကို မြှင့်တင်ပေးတယ်လို့ လေ့လာတွေ့ရှိခဲ့ရတာပါ။

ငယ်ရွယ်နုပျိုတဲ့ပုံပေါက်တယ်။
လေ့လာတွေ့ရှိချက်အရ အမြဲတမ်းပြုံးရွှင်ပြီး ရယ်မောနေတဲ့သူတစ်ယောက်က ရှိရင်းစွဲအသက်ထက် ၃ နှစ်ပိုငယ်တဲ့ပုံ ပေါက်တယ်လို့ ဆိုကြပါတယ်။ စာဖတ်သူတို့လည်း အမြဲတမ်းငယ်ရွယ်နုပျိုချင်တယ်ဆိုရင်တော့ များများသာ ပြုံးရယ်လိုက်ပါ။
Lifestyle_Myanmar
ref-everydaypower