သွားနှင့်ခံတွင်း ကျန်းမာရေးပြဿနာ များစွာရှိနိုင်ပေမယ့် သင့်အနေနဲ့ ကောင်းစွာထိန်းသိမ်းမယ်ဆိုရင် အသက်ကြီးလာတဲ့အထိ ကောင်းမွန်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခုပြောမယ့် အချက်လေးတွေက သင့်ရဲ့သွားနှင့်ခံတွင်း ကျန်းမာရေးကို ရေရှည်အထောက်အကူပြုစေမယ့် အချက်လေးတွေပါ။
(၁) သွားပွတ်ကြိုးအသုံးပြုပါ
သွားနှင့်ခံတွင်းဆရာဝန်များရဲ့ အကြံပြုချက်အရ သွားတိုက်တံမရှိတဲ့ နေရာတွေမှာ သွားပွတ်ကြိုးအသုံးပြုပြီး သွား ကြားထဲက စားကြွင်းစားကျန်တွေကိုဖယ်ရှားလို့ရတယ်လို့ဆိုပါတယ်။ သွားပွတ်ကြိုးကို သွားတိုက်ပြီးတဲ့အခါ အသုံးပြုလို့ရသလို နံနက်၊ ည၊ နေ့လည် ဘယ်အချိန်ဖြစ်ဖြစ် အသုံးပြုလို့အဆင်ပြေပါတယ်။

(၂) ပုံမှန်ခံတွင်း စစ်ဆေးမှုလုပ်ပါ
သင့်အနေနဲ့သွားဆေးခန်းမှာ သွားနဲ့ခံတွင်းပုံမှန်စစ်ဆေးမှုလုပ်ပေးတဲ့အတွက် သွားဖုံးရောဂါလက္ခဏာတစ်စုံတစ်ခုတွေ့ပါက ချက်ချင်းသိနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းက သွားပိုးပေါက်ဖြစ်တာ၊ သွားကျောက်တည်တာတွေကိုလည်း အချိန်မီကုသလို့ရမှာဖြစ်ပါတယ်။

(၃) ဆေးလိပ်ဖြတ်ပါ
နောက်ထပ်တစ်ချက်ကတော့ သင့်ရဲ့သွားနှင့်ခံတွင်းကို ရေရှည်ကျန်းမာစေချင်တယ်ဆိုရင် ဆေးလိပ်ဖြတ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးလိပ်သောက်ခြင်းက သွားနှင့်သွားဖုံးရောဂါစတင်ဖြစ်ပွားမှုအကြောင်းအရင်း ဖြစ်စေလို့ပါ။ ဒါ့အပြင် ဆေးလိပ်သောက်တဲ့အခါ ကုသဖို့လိုနေတဲ့ သွားနှင့်သွားဖုံးရောဂါတွေကိုလည်း ပိုဆိုးစေနိုင်ပါတယ်။

(၄) တနေ့ ၂ ကြိမ်သွားတိုက်ပါ
သွားတွေ ရေရှည်ကြံ့ခိုင်စေဖို့ဆိုရင် တနေ့ကို မနက်တစ်ကြိမ် ညတစ်ကြိမ် သွား ၂ ကြိမ်တိုက်ဖို့လိုပါတယ်။ လျှာမှာ ဘက်တီးရီးယားတွေ ကပ်ငြိနေနိုင်တဲ့အတွက် သင့်ရဲ့လျှာကိုလည်း သွားပွတ်တံနဲ့ပွတ်တိုက်ပေးပါ။ အစားစားပြီးတိုင်းလည်း ပလုပ်ကျင်းပေးပါ။ သတိပြုသင့်တာကတော့ သင်အသုံးပြုထားတဲ့ သွားပွတ်တံတွေကို ၃လတကြိမ်လဲလှယ်ပေးဖို့လိုအပ်ပါတယ်။

Lifestyle_Myanmar
ref-mymidtowndental