ဘဝမှာ မိမိလုပ်ဆောင်နေတဲ့အရာတွေနဲ့ ပတ်သက်ပြီး အသိဉာဏ်ရှိရှိလုပ်ဆောင်တတ်ဖို့လိုပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ဘဝကို မနေထိုင်ချင်ဘူးဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် အခုဖော်ပြပေးတဲ့အချက်တွေကို လိုက်နာပေးမှ အေးချမ်းပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ စွမ်းအင်နဲ့ ပျော်ရွှင်ခြင်းကို မြှင့်တင်နိုင်မယ့်နည်းလမ်းလေးတွေက ဘာတွေဖြစ်မလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။
များများပြုံးရယ်ပါ
ပြုံးရယ်ခြင်းက သင့်ခန္ဓာကိုယ်ကို စိတ်အပန်းပြေစေပါတယ်။ ပြုံးရယ်လိုက်တဲ့အခါ အကျိုးရလဒ်ကောင်းတွေကို တွေးတောနိုင်တဲ့ Endorphins ဆိုတဲ့ ဟော်မုန်းထုတ်လွှတ်ပေးပါတယ်။ ဒါ့ကြောင့် ပြဿနာနဲ့ ရင်ဆိုင်တွေ့ရတိုင်း ဒေါသတချောင်းချောင်းထွက်ရင်း ဖြေရှင်းမယ့်အစား အပြုံးနဲ့သာ ရင်ဆိုင်ဖြေရှင်းပါ။

ဘုရားရှိခိုးပါ
တရားထိုင်တဲ့အခါ၊ ဘုရားရှိခိုးတဲ့အခါ သင့်ရဲ့စိတ်က တည်ငြိမ်အေးချမ်းမှုကို ခံစားရပါတယ်။ ထိုအချိန်မှာ စိုးရိမ်ပူပန်စိတ်နဲ့ စိတ်ဖိစီးမှုတွေက တဖြည်းဖြည်းနောက်ရောက်သွားပါလိမ့်မယ်။ ဒါ့အပြင် ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ကျော်လွှားဖြေရှင်းနိုင်မယ့်စွမ်းအင်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။
မိမိသူငယ်ချင်းရဲ့ အောင်မြင်မှုကို အတူတူအောင်ပွဲခံပေးလိုက်ပါ
ပျော်ရွှင်မှုဆိုတာ ကူးစက်တတ်ပါတယ်။ သူများရဲ့အောင်မြင်မှုကို အောင်ပွဲခံပေးလိုက်တဲ့အခါ သူတို့ရဲ့စိတ်ကို မြှင့်တင်ပေးရာလည်းရောက်ပြီး သင်ကိုယ်တိုင်လည်း ပျော်ရွှင်ရမှာပါ။ သူတို့ကလည်း သင် အောင်မြင်တဲ့အခါ သင့်အတွက် ဂုဏ်ပြုစကား၊ ချီးမွမ်းစကားနဲ့ ပြန်လည်အောင်ပွဲခံပေးမှာပဲဖြစ်ပါတယ်။

သင့်ရဲ့ အတွေးကို နားထောင်ပါ
သင့်ရဲ့စိတ်ထဲမှာ မကောင်းတဲ့အတွေးတွေ မတွေးဖို့အတွက် ဂရုစိုက်ရပါမယ်။ ထိုအတွေးတွေက သင့်အတွက် စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေပဲ ယူဆောင်ပေးနေမှာပါ။ အဲ့ဒါကြောင့် အကောင်းမြင်တတ်တဲ့အတွေးတွေပဲ တွေးတောဖို့ လေ့ကျင့်ထားပါ။
သင့်ရဲ့ အလုပ်စားပွဲ၊ စာကြည့်စားပွဲကို သပ်သပ်ရပ်ရပ်ရှင်းထားပါ
ရှုပ်ပွနေတဲ့အလုပ်စားပွဲက သင့်ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ တီထွင်ကြံဆနိုင်စွမ်းကို ပိတ်လှောင်ထားတတ်ပါတယ်။ အလုပ်စားပွဲကို သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်ရှင်းထားတဲ့အခါ အလုပ်လုပ်ရတာလည်း ပိုပြီးမြောက်ပြီး စိတ်ဖိစီးမှုလည်း လျော့ကျစေပါတယ်။

လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ။
လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တောင်မှ တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်လောက် လေ့ကျင့်ခန်းပြုလုပ်ရပါမယ်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။
ဖုန်းနဲ့ ကွန်ပျူတာတို့အား သင့်ဘဝကို ချုပ်ကိုင်ခြယ်လှယ်ခွင့်မပေးပါနဲ့။
ယနေ့ခေတ်က IT ခေတ်ဆိုတော့ ဖုန်း၊ ကွန်ပျူတာတို့နဲ့ အဆက်မပြတ်အလုပ်လုပ်နေရတာပါ။ ဒါပေမဲ့ လိုအပ်တဲ့အချိန်မှာပဲ အသုံးပြုပါ။ ၂၄ နာရီလုံးလုံး ဖုန်းနဲ့ မျက်နှာမခွာတမ်းနေ နေမယ်ဆိုရင် သင့်မျက်စိကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။

Lifestyle_Myanmar
ref-positivepsychology