လူတိုင်းလူတိုင်းမှာ အနည်းဆုံး ဂျင်းဘောင်းဘီတစ်ထည်တော့ ရှိသင့်ပါတယ်။ ဂျင်းဖက်ရှင်ဟာ ဘယ်တော့မှ ရိုးမသွားတဲ့ စူပါဖက်ရှင်မျိုးဖြစ်သလို ဂျင်းဘောင်းဘီတစ်ထည်ရှိရုံနဲ့ များစွာသောအင်္ကျီအဝတ်အစားတွေကို လိုက်ဖက်အောင် တွဲဖက်ဝတ်ဆင်နိုင်တာပဲဖြစ်ပါတယ်။ ဒီလိုအဖိုးတန်လှတဲ့ ဂျင်းဘောင်းဘီတွေကို ဘယ်လိုစနစ်တကျ လျှော်ဖွတ်ရမယ်ဆိုတာလည်း သိထားသင့်တဲ့အချက်တစ်ခုပါ။ ဒီနေ့မှာတော့ သင့်ဂျင်းဘောင်းဘီတွေကို နှစ်တွေအကြာကြီးကြာတဲ့အထိ အရောင်မမှိန် ဟောင်းနွမ်းသွားခြင်းမရှိအောင် ဘယ်လိုမှန်ကန်စနစ်ကျတဲ့နည်းလမ်းတွေနဲ့ လျှော်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။
(၁) ဂျင်းဘောင်းဘီတွေကို လျှော်တော့မယ်ဆိုရင် ပထမဆုံးအနေနဲ့ ရေအေးမှာ နာရီဝက်လောက်စိမ်ထားပါ။ အရောင်ကျွတ်လွယ်တဲ့ အဝတ်အထည်တွေနဲ့ ရောမစိမ်ပါနဲ့။ ဖြစ်နိုင်ရင် ဂျင်းဘောင်ဘီတွေချည်း သက်သက်ပဲ စိမ်တာကောင်းပါတယ်။ ဘောင်းဘီအရောင်လွင့်မှာ စိုးရိမ်ရင်တော့ စိမ်မယ့်ရေထဲ ရှာလကာရည်အနည်းငယ် ထည့်စိမ်ပေးနိုင်ပါတယ်။

(၂) ဂျင်းဘောင်းဘီလျှော်တဲ့အခါ ဆပ်ပြာမှုန့်ကို အနည်းငယ်သာသုံးပေးပါ။ အမြုပ်ထရုံလောက်ဆိုရပါပြီ။ ဆပ်ပြာမှုန့်များလေ ဂျီးပြောင်လေမဟုတ်ပါဘူးနော်။ ဆပ်ပြာမှုန့်များများနဲ့ ခဏခဏလျှော်ပါက ဂျင်းဘောင်းဘီကို ရိပြီး ပြဲသွားစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ အပေါ်ကတစ်ဆင့်မှာလုပ်ခဲ့သလို နာရီဝက်လောက်စိမ်မယ်။ ဘောင်းဘီကို ခပ်ဖွဖွပဲပွတ်ပြီး လျှော်မယ်။ ဒီလိုပုံစံမျိုး (၃) ကြိမ်လောက် ရေအလဲလှယ်လုပ်ပြီး လျော်ရင်တောင် ပိုပြီးဂျီးပြောင်နိုင်ပါတယ်။
(၃) လျှော်တဲ့အခါမှာလည်း ဘောင်းဘီကို ပြောင်းပြန်လှန်ပြီး လျှော်ရပါမယ်။ ဒီလိုလျှော်ခြင်းဟာ ဘောင်းဘီအရောင်လွင့်ခြင်းကို များစွာကာကွယ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ လျှော်ပြီးလို့ ရေညှစ်တဲ့အချိန်မှာလည်း အတင်းလိမ်ပြီး ညှစ်မယ့်အစား ဘောင်းဘီရဲ့အောက်ခြေ ခြေချင်းဝတ်နေရာကနေ ခါးနေရာအထိ ဖြည်းဖြည်းချင်းလိပ်ပြီး အပေါ်ကနေအားနဲ့ဖိချတဲ့နည်းကို သုံးကာ ရေစင်အောင်ညှစ်ပေးပါ။ စက်နဲ့လျှော်တာထက် လက်နဲ့လျှော်တာက ပိုပြီးကောင်းပါတယ်။

(၄) အားလုံးလျှော်ပြီးလို့ နေလှန်းတဲ့အချိန်မှာလည်း လျှော်တုန်းကပြောင်းပြန်လှန်ထားတဲ့အတိုင်း အတည့်ပြန်မလှည့်ဘဲလှန်းပါ။ နေရောင်ခြည်ဟာ ဂျင်းဘောင်းဘီတွေကို အရောင်လွင့်စေပါတယ်။ ထို့အတူပဲ မီးပူတိုက်တဲ့အခါမှာလည်း ပြောင်းပြန်အနေထားအတိုင်း တိုက်ပေးပါ။ သင် ဝတ်တော့မယ်ဆိုမှ အတည့်ပြန်လှန်ပြီး ဝတ်ဆင်ပါလေ။
အထက်နည်းလမ်းလေးတွေဟာ အပေါ်ယံကြည့်ရင်တော့ အလုပ်ရှုပ်တယ်ထင်ရပေမယ့် ဂျင်းဘောင်းဘီတစ်ထည်မှာ ရှိသင့်ရှိထိုက်တဲ့အချိန်ကာလတစ်ခုအထိ သက်တမ်းစေ့ ဟောင်းနွမ်းညစ်ပေခြင်းမရှိဘဲ အချိန်ကြာတဲ့အထိ အသစ်နီးပါး ဝတ်ဆင်နိုင်မှာပဲဖြစ်ပါတယ်။ အခုပဲ ကိုယ့်ရဲ့အိမ်က ဂျင်းဘောင်းဘီလေးတွေကို ဒီနည်းလေးတွေနဲ့ လျှော်ကြည့်လိုက်ပါ။
Lifestyle_Myanmar
ref-everydaycheapskate