အိပ်စက်ခြင်းကလူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့အရာဖြစ်ပါတယ်။ ခေါင်းနဲ့ခေါင်အုံးနဲ့ ထိတာနဲ့ တန်းအိပ်ပျော်သွားတဲ့သူတွေရှိသလို အိပ်ယာပေါ်ရောက်နေတာတောင် ဟိုလှည့် ဒီလှည့်၊ ဟိုတွေးဒီတွေး၊ တော်တော်နဲ့အိပ်မပျော်နိုင်တဲ့သူတွေလည်းရှိပါတယ်။ အဲ့လိုညဘက်တွေမှာ အိပ်မပျော်ရင် နောက်တစ်နေ့မှာလည်း မျက်ကွင်းကညှိ Panda Eyeဖြစ်၊ အိပ်ရေးမဝလို့ စိတ်ကမကြည်နဲ့ အားအင်ကုန်ခမ်းသလိုခံစားရပြီး ကိုယ့်တစ်နေ့တာကိုလည်း တော်တော်လေးအဆင်မပြေဖြစ်စေပါတယ်။ တစ်ချို့ကလည်း ညဘက်အိပ်မပျော်လို့ အိပ်ဆေးသောက်အိပ်တာမျိုးတွေရှိပါတယ်။ ဒါပေမယ့်အိပ်ဆေးဆိုတာ တခါတလေသောက်တာလွဲလို့ နေ့တိုင်းသောက်တာ ကြာလာတဲ့အခါ အိပ်ဆေးမသောက်ရင် မအိပ်တက်တော့တဲ့အထိ သင့်ကျန်းမာရေးပါထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်ဒီလိုမျိုးအိပ်ဖို့ခက်ခဲနေတဲ့သူတွေအတွက် အိပ်ဆေးမလိုဘဲ လွယ်လွယ်နဲ့ မြန်မြန်အိပ်ပျော်နိုင်စေတဲ့ သဘာဝနည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁. တရားမှတ်ပါ

တရားမှတ်တယ်ဆိုလို့ တရားထိုင်ခိုင်းတာမျိုး မဟုတ်ပါဘူး။ သင့်ရဲ့ဝင်သက် ထွက်သက်ကို မှတ်ခိုင်းတာပါ။ အိပ်ယာပေါ်ရောက်တာနဲ့ ကိုယ့်ရှိသမျှအတွေးတွေကို ရပ်တန့်လိုက်ပြီးတော့ ကိုယ့်ရဲ့ ပုံမှန်အသက်ရှူနေတဲ့ ဝင်သက် ထွက်သက် အကြိမ်အရေအတွက်ကို လိုက်မှတ်ပါ။ ဒီလိုလုပ်ခြင်းက သင့်ကိုစိတ်ဖိစီးမှုလျော့ကျစေပြီး သင့်အတွေးတွေကိုရပ်တန့်သွားစေလို့ သင့်ကို မြန်မြန်အိပ်ပျော်စေမှာပါ။
၂. ခြေထောက်ကို နွေးအောင်ထားပါ

သုတေသနတွေရဲ့ပြောကြားချက်အရတော့ ခန္ဓာကိုယ်အေးလာတာနဲ့အမျှ သင့်ရဲ့အိပ်စက်ခြင်းအချက်ပြမှုကို ဦးနှောက်ဆီပို့ပေးပါတယ်။ ပြောချင်တာက အေးလာလို့ မအိပ်နိုင်တော့တာရယ်၊ အိပ်ရမယ်ဆိုတဲ့ အတွေးက ဦးနှောက်မှာ တွေးနေတာကြောင့် တော်တော်နဲ့အိပ်မပျော်နိုင်တာပါ။ ဒါကြောင့် အိပ်ခါနီး ခြေထောက်ကို နွေးနွေးလေးထားပေးခြင်းက သင့်ကို မကြာခင် အိပ်ပျော်သွားစေမှာပါ။
၃. သင့်ဦးနှောက်ကိုလှည့်စားပါ

အိပ်ယာထဲမှာ ၁၅ မိနစ်လောက် အိပ်ဖို့ကြိုးစားပြီးတာတောင် အိပ်မပျော်သေးဘူးဆိုရင် အိပ်ယာထဲကနေထွက်လိုက်ပါ။ အပြင်ထွက်လိုက်ပြီး အခြားအခန်းတစ်ခုမှာ ဖုန်းသုံးတာကလွဲလို့ စာဖတ်တာဖြစ်ဖြစ် အပန်းဖြေတာဖြစ်ဖြစ် တစ်ခုခုလုပ်နေလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဦးနှောက်က အိပ်ဖို့ကြိုးစားလေ မအိပ်နိုင်လေလေဘဲ ဖြစ်နေမှာမို့လို့ အိပ်ဖို့မကြိုးစားတော့ဘဲ အာရုံပြောင်းလိုက်တာပါ။ ဒီလို မအိပ်ဖို့ကြိုးစားလိုက်ခြင်းကလည်း သင်ထင်ထားတာထက်ပိုပြီး သင့်ကို မြန်မြန်အိပ်ပျော်သွားစေနိုင်ပါတယ်။
၄. သီချင်းနားထောင်ပါ

သီချင်းနားထောင်ပါဆိုလို့ အချစ်သီချင်း အလွမ်းအဆွေသီချင်းတွေ၊ DJ တွေ၊ Hip Hopတွေကိုနားထောင်ခိုင်းတာမဟုတ်ပါဘူးနော်။ အိပ်စက်ခြင်းကို အကူအညီဖြစ်စေမယ့် တီးလုံးသံတွေ၊ အိပ်ယာဝင်တေးသီချင်းအေးအေးလေးတွေကို နားထောင်ပါ။ ဥပမာ- မိုးရွာနေတဲ့အသံ၊ ရေတံခွန်ကနေ ရေစီးဆင်းနေတဲအသံ၊ ငှက်လေးတွေညဉ်းနေတဲ့အသံအစသဖြင့် သင့်ကို အပြုသဘောဆောင်တဲ့ အပန်းပြေစေတဲ့အသံလေးတွေကို နားထောင်စေခြင်းက သင့်ကို လွယ်လွယ်နဲ့ မြန်မြန်အိပ်ပျော်စေမှာပါ။ ဒီလိုအသံလေးတွေကို You Tube မှာ ရှာပြီးနားထောင်နိုင်သလို Sleep Song, Relax Melodies စတဲ့ Application တွေကနေလည်း နားထောင်နိုင်ပါတယ်။
၅. အကြောလျော့ပေးပါ

အိပ်ယာမဝင်ခင် တစ်ကိုယ်လုံးကိုအကြောလျော့ပေးပါ။ အထူးသဖြင့် ခြေဖဝါးနဲ့ ခြေချောင်းလေးတွေကို အားပြုပြီး တစ်ဖက်ကို ၁၀ ကြိမ်စီ အကွေးအဆန့်လှုပ်ရှားပေးပါ။ ဒီလိုလုပ်ပေးခြင်းက ခန္ဓာကိုယ်ရဲ့ တင်းမာနေတဲ့ အစိတ်အပိုင်းတွေကို လျော့ကျစေပြီး သင့်ကိုလည်း အလွယ်တကူအိပ်ပျော်သွားစေနိုင်ပါတယ်။
Lifestyle_Myanmar
Nway
Source – saga, restonic