တခြားသူတွေရဲ့ ရိုသေလေးစားအားကျမူကို လိုချင်တယ်ဆိုရင်တော့ ပရော်ဖက်ရှင်နယ်တစ်ယောက်လို နေသင့်ပါတယ်။ ဒီနေ့ သင့်ကို ပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ ထင်သွားစေတဲ့ အပြုအမူလေးတွေကို ပြောပြပေးသွားမှာပါ။
အမြဲတမ်းနောက်ကျတာ
တစ်ခါတစ်လေ အကြောင်းအရာပေါ်လာလို့ နောက်ကျတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် မကြာခဏနောက်ကျတာကတော့ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အမူအကျင့်မျိုးမဟုတ်ပါဘူး။ နေ့စဉ်ရုံးတက်ရက်များမှ အပတ်စဉ် အစည်းအဝေးပွဲများအထိ သတ်မှတ်ထားတဲ့အချိန်ထက်မိနစ် ၂ဝ လောက်မှ တံခါးပေါက်ကို အပြေးအလွှားရောက်ရောက်လာတာမျိုးဟာ မဖြစ်သင့်တဲ့ အလေ့အကျင့်တစ်ခုပါ။ ဘယ်အရာကိုမဆိုကြိုတင်ပြင်ဆင်ထားခြင်းဟာ လုပ်ဆောင်ဖို့အချိန်ကျရောက်လာတဲ့အခါမှာ ဖြစ်တတ်တဲ့ အကျိုးဆုတ်ယုတ်မှုတွေကို ကာကွယ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

အကြံပြုချက်များ
- အချိန်အတိအကျရောက်သွားဖို့ စီစဉ်ခြင်းကိုရှောင်ပါ။ နောက်ကျတဲ့လူအများစုက ချိန်းထားတဲ့နေရာကို အချိန်အတိအကျရောက်အောင်သွားဖို့ ရည်ရွယ်ထားသူဖြစ်ပါတယ်။ ချိန်းထားတဲ့ နေရာကို (၁၅) မိနစ်ခန့် ကြိုရောက်အောင် သွားသင့်ပါတယ်။
- (၁၅) မိနစ်ခန့် ကြိုရောက်သွားပါက သတင်းစာဖတ်တာ၊ သူငယ်ချင်းတွေနဲ့ စကားပြောတာတွေ ပြုလုပ်ပေးပါ။
- အချိန် (၂) ဖြတ်သတ်မှတ်ပါ။ ပထမတစ်ချိန်က လုပ်နေတာတွေ အကုန်ရပ်တန့်ဖို့အတွက်ပါ။ ဒုတိယအချိန်ကတော့ အိမ်ကနေ ချိန်းထားတဲ့နေရာကို သွားဖို့အတွက်ပါ။
ဖြစ်သလိုဝတ်ဆင်ခြင်း
အဝတ်အစားတွေကို သူ့နေရာနဲ့သူဝတ်ဆင်တက်ဖို့ကလည်း အရေးကြီးပါတယ်။ အလုပ်သွားမယ်ဆိုရင် အလုပ်နဲ့သင့်တော်တဲ့ အဝတ်အစားဝတ်သွားသင့်သလို သူငယ်ချင်းတွေနဲ့ အပြင်သွားမယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါးရှိတဲ့ အဝတ်အစားလေးတွေ ဝတ်ဆင်သွားသင့်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ အလုပ်ထဲမှာ လမ်းပေါ်ကစတိုင်နဲ့ သွားပါက သင့်ကိုပရော်ဖက်ရှင်နယ်မဆန်ဘူးလို့ လုပ်ဖော်ကိုင်ဖက်တွေက ထင်သွားပါလိမ့်မယ်။

အတင်းပြောခြင်း
အတင်းပြောခြင်းဟာ လူနှစ်ဦးကြားမှ ရင်းနှီးမှုပိုရှိစေတယ်လို့ တစ်ချို့တွေက ပြောကြပါတယ်။ တစ်ချို့တွေကတော့ အတင်းပြောခြင်းကို မနှစ်မြို့ကြဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်ထဲမှာ လုပ်ဖော်ကိုင်ဖက်အကြောင်းတွေကို အတင်းစကားလုပ်ပြီး မပြောသင့်ပါဘူး။ သင်နဲ့အတင်းပြောတဲ့လူက အတင်းပြောခံရတဲ့လူနဲ့ ရင်းနှီးတဲ့လူဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် သင် အတင်းပြောတာကို တဖက်လူသိသွားနိုင်ပါတယ်။ ဒါက အလုပ်ထဲမှာ အဆင်မပြေမှုတွေဖြစ်စေပါတယ်။ ပြီးတော့ တခြားလူတွေက သင့်ကို ပရော်ဖက်ရှင်နယ် မဆန်ဘူးလို့ သတ်မှတ်သွားပါလိမ့်မယ်။

Lifestyle_Myanmar
ref-siliconrepublic