အထီးကျန်မှုဆိုတာ သင့်ကို တရိရိ တိတ်တဆိတ်တိုက်စားဖျက်ဆီးနေတဲ့ အရာတစ်ခုပါပဲ။ သင့်ကိုယ်ပေါ်က ခါချရမယ့်အရာတွေထဲမှာ အထီးကျန်မှုဆိုတဲ့ ဗိုင်းရပ်လည်း ပါဝင်ပါတယ်။ များသောအားဖြင့် အထီးကျန်ခြင်းဆိုတာ မေတ္တာတရားနဲ့ ဝေးကွာတဲ့အချိန်တွေ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဖြစ်ပြီး အဆုံးအရှုံးများနေတဲ့အချိန်တွေမှာ အဖြစ်များပါတယ်။
သိထားသင့်တာက အထီးကျန်တယ်ဆိုတာ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ယာယီအခြေအနေတစ်ခုဆိုတာပါပဲ။ အထီးကျန်တဲ့ စိတ်အခြေအနေကို ကောင်းမွန်အောင် ပြုပြင်ယူလို့ ရပါတယ်။ ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် အထောက်အကူပြုနိုင်မယ့် နည်းလမ်းလေးတွေကိုလည်း လက်ဆင့်ကမ်းမျှဝေထားပါတယ်။
(၁) ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်မထားနဲ့
အထီးကျန်တယ်လို့ ခံစားနေရရင် အခန်းထဲက ထွက်ပါ။ ကိုယ်ချစ်ခင်တဲ့ မိတ်ဆွေတွေနဲ့ တွေ့ဆုံပါ။ ကိုယ်နှစ်သက်ပျော်ရွှင်တဲ့ ဝါသနာလေးတွေ လုပ်နေပါ။ ကိုယ့်ကိုယ်ကိုယ် အမှောင်ခန်းထဲမှာ တစ်ယောက်တည်း မထားမိပါစေနဲ့။ အပြင်ထွက်ပါ။ လူတွေနဲ့ စကားပြောပါ။ အနီးအနားတွေ လျှောက်သွားပါ။

(၂) အလုပ်များအောင် ထားပါ
အလုပ်မရှိရင် အထီးကျန်မှုက ပိုဆိုးနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အလုပ်ပေးထားပါ။ ကိုယ်ပျော်မယ့်အရာလေးတွေ လုပ်ကြည့်ပါ။ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်တာ ၊ ဂီတသင်တန်းတက်ပါ။ ဘာသာစကားသစ်တွေ သင်ရတာ စိတ်ဝင်စားရင်လည်း ဘာသာစကားသစ်တွေ လေ့လာကြည့်ပါ။ ကိုယ်စိတ်ဝင်စားတဲ့ သင်တန်းတွေ တက်ရင်းနဲ့လည်း သူငယ်ချင်းသစ်တွေ ရသွားနိုင်တာပါပဲ။ သူငယ်ချင်းတွေရရင် အထီးကျန်မှု သက်သာနိုင်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ
တစ်ယောက်တည်းဖြစ်နေချိန်မှာ စိတ်အင်အားကျပြီး ယောင်တောင်တောင် ဖြစ်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ။ အဆိုးမမြင်ပါနဲ့။ သင်က ထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်တဲ့သူပါ။ အံ့ဩဖို့ကောင်းတဲ့ လူတော်တစ်ယောက်လည်း ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။

(၄) လူတိုင်းလည်း ကိုယ်လိုပဲ အထီးကျန်တတ်ကြတာ သတိထားပါ
ကိုယ်တစ်ယောက်တည်းပဲ အထီးကျန်တဲ့ဝေဒနာခံစားနေရတယ်လို့ မအောက်မေ့လိုက်ပါနဲ့။ လူတိုင်းလည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ အထီးကျန်မှုကို တိုက်ဖျက်နေကြတာပါပဲ။ အရေးကြီးတာက ကိုယ့်အမြင်တွေ ပြောင်းလဲဖို့ပါပဲ။ ပြောခဲ့တဲ့အတိုင်း အထီးကျန်မှုဆိုတာ ပြောင်းလဲနိုင်တဲ့ ယာယီ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို ဒုက္ခမပေးမိစေဖို့ ၊ ကိုယ်ယုံကြည်ရတဲ့ မိတ်ဆွေတွေကို ရင်ဖွင့်ဖို့ နဲ့ စိတ်အေးချမ်းရွှင်လန်းမှုရဖို့ တရားထိုင်တာ ၊ သဘောထားအမြင်ပြောင်းတာတွေ လုပ်ပေးဖို့ လိုပါတယ်။

Lifestyle_Myanmar
ref-verywellmind