ရေဓါတ်ပြည့်ဝခြင်းဟာ ဝိတ်ကျစေရုံတင်မဟုတ်ပါဘူး။ ကြွက်သားလုပ်ဆောင်ချက်တွေနဲ့ အစာချေဖျက်မှုအတွက်ပါ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘာလို့ ရေသောက်သုံးမှုက ဝိတ်ကျဖို့အတွက် အားပေးတာလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။
(၁) စားချင်စိတ်ကို လျှော့ချပေးနိုင်တယ်
ဗိုက်ဆာတယ်လို့ ခံစားတိုင်း မုန့်စားမယ့်အစား ရေတစ်ဖန်ခွက်လောက် သောက်ကြည့်ပါ။ ရေသောက်ပြီး ၁၅ မိနစ်လောက်ကြာတဲ့အထိ ဗိုက်ဆာနေတုန်းပဲလို့ ခံစားရရင်တော့ မုန့်တစ်ခုခု စားနိုင်ပါတယ်။

(၂) ကယ်လိုရီလောင်ကျွမ်းမှု ပိုအားကောင်းစေတယ်
ရေသောက်သုံးခြင်းဟာ တစ်နေ့တာ လောင်ကျွမ်းမယ့် ကယ်လိုရီပမာဏပေါ် သက်ရောက်မှု ရှိပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ ရေ ၅၀၀ မီလီလီတာ သောက်ပေးပြီးနောက် ကယ်လိုရီလောင်ကျွမ်းမှုဟာ ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ တက်လာနိုင်တယ်လို့ ဆိုပါတယ်။
(၃) အညစ်အကြေးတွေ ဖယ်ရှားပေးနိုင်တယ်
ရေဟာ ကိုယ်တွင်းထဲက အဆိပ်အတောက်နဲ့ မလိုအပ်တဲ့ စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားနိုင်စွမ်း ရှိပါတယ်။ ရေဓါတ်ခမ်းခြောက်လာချိန်မှာ ဆီးသွားနည်းလာပြီး ကိုယ်တွင်း သန့်ရှင်းရေးအလုပ်တွေ ထိခိုက်လာနိုင်ပါတယ်။ မလိုအပ်တဲ့ အဆိပ်အတောက်တွေ ဖယ်ရှားခြင်းအားဖြင့် သင့်ကိုယ်ကို ကျန်းမာကျစ်လစ်အောင် ထိန်းထားနိုင်မှာပါ။

(၄) Workout လုပ်မှု ပိုကောင်းစေတယ်
ဝိတ်ကျဖို့ဆိုရင် ပုံမှန် အားကစားလုပ်ပေးဖို့လည်း လိုပါတယ်။ ရေက အားကစားလှုပ်ရှားမှုတွေကို အကောင်းဆုံးစွမ်းဆောင်မှုနဲ့ လုပ်နိုင်အောင် ကူညီပေးပါတယ်။ ရေဓါတ်ပြည့်နေမှ ကြွက်သား ၊ အရိုးအဆစ်နဲ့ တွယ်ဆက်တစ်သျှူးတွေရဲ့ လုပ်ဆောင်ချက်ကို ပိုမို ကောင်းမွန်စေမှာပါ။ ဒါကြောင့် အားကစားလုပ်နေချိန်မှာ မောပန်းနွမ်းနယ်မှု နဲ့ ကြွက်တက်ခြင်း မဖြစ်အောင် ရေလုံလောက်စွာ သောက်ပေးသင့်ပါတယ်။

ရေဘယ်လောက် သောက်ရမလဲလို့ မေးလာရင် ပုံမှန်အားဖြင့် ရေ ၈ ဖန်ခွက် သောက်ပေးဖို့ ပြောကြပါတယ်။ အသက်အရွယ် ၊ ကိုယ်လက်လှုပ်ရှားမှု ၊ ကျန်းမာရေးအခြေအနေနဲ့ ရာသီဥတုပေါ် လိုက်ပြီး ရေသောက်နှုန်းကို အတိုးအလျှော့လုပ်ပေးဖို့ လိုမှာ ဖြစ်ပါတယ်။
Lifestyle_Myanmar
ref-medicalnewstoday