လေ့လာတွေ့ရှိချက်တွေအရ လူတစ်ယောက်က တစ်နှစ်မှာ လေးကြိမ်လောက် ဝိတ်ချဖို့ ကြိုးစားလေ့ရှိကြပါတယ်။ ဒါပေမယ့် လူအယောက်တစ်ရာမှာ တစ်ယောက်ကသာ အောင်မြင်စွာ ဝိတ်ချနိုင်ခဲ့တာပါ။ သင်လည်း ဝိတ်ကျချင်တဲ့သူဆိုရင် ဝိတ်ကျချင်သူတစ်ယောက်အနေနဲ့ ဘယ်လိုကြိုးစားသင့်လဲ၊ ဘယ်လိုစိတ်နေစိတ်ထားမျိုး ထားရှိသင့်လဲဆိုတာ ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။
ဇွဲရှိရပါမယ်
အသင့်စားအစားအစာတွေ၊ အရသာရှိတဲ့ သရေစာမုန့်တွေ၊ အဆီအဆိမ့်တွေ စားရာကနေ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ပြောင်းစားရခြင်းက တကယ်တော့ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ တစ်ရက်၊ နှစ်ရက်လောက် အစားအသောက်ဆင်ခြင်ရမှာမဟုတ်ပါဘူး။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒမဖြစ်မြောက်မချင်း အလေ့အကျင့်တစ်ခုအနေနဲ့ ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ မိမိကိုယ်ကို အလိုမလိုက်မိဖို့ ကြိုးစားပါ။

တိုးတက်မှုဖြစ်စဉ်တွေကို မှတ်သားထားပါ
ဝိတ်စလျော့တဲ့နေ့က ပုံကို ဓာတ်ပုံရိုက်ထားပြီး တစ်လအကြာမှာ ဓာတ်ပုံပြန်ရိုက်ကြည့်ပြီး ကိုယ့်ရဲ့တိုးတက်မှုအခြေအနကို စောင့်ကြည့်ပါ။ ကိုယ်အလေးချိန် ချိန်ကြည့်ပြီး ဝိတ်ဘယ်လောက်ကျသွားလဲဆိုတာ မှတ်သားထားပါ။ မိမိရဲ့ တိုးတက်မှုဖြစ်စဉ်ကို မှတ်သားထားခြင်းက သင့်ကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ခွန်အားတွေပေးပါလိမ့်မယ်။
လှုပ်လှုပ်ရှားရှားနေပါ
အစားအသောက်ဆင်ခြင်ခြင်းနဲ့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းကို ပေါင်းစပ်လိုက်မယ်ဆိုရင် ဝိတ်ကျချင်တဲ့အိပ်မက်က အမှန်တကယ်ဖြစ်လာပါလိမ့်မယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းမဟုတ်ရင်တောင် နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းကလည်း ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်။

သင့် သူငယ်ချင်းနဲ့ မိသားစုဝင်များထံမှ အားပေးစကားရယူပါ
မိမိ ဝိတ်ချနေတယ်ဆိုတာ သူတို့သိအောင် ပြောပြထားပါ။ အဲ့ဒါဆိုရင် သင့်အရှေ့မှာ အရသာရှိတဲ့မုန့်စားပြနေတာမျိုး၊ မစား စားချင်အောင် ဆွဲဆောင်နေတာမျိုး စတဲ့အပြုအမူတွေကို တတ်နိုင်သလောက်ရှောင်ကြဉ်ပေးပါလိမ့်မယ်။
ဝိတ်ချချင်သူတွေအနေနဲ့ ဘယ်လိုအစားအစာတွေကို စားသောက်သင့်သလဲ
ဥအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များ၊ ဆော်လမွန်ငါး၊ ကြက်သွန်ဖြူ၊ တူနာငါး၊ အမဲသား၊ ကြက်ရင်အုံသား၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်များ၊ ပဲအမျိုးမျိုး စတဲ့ အစားအစာတွေကို ဈေးဝယ်ထွက်တိုင်း ဦးစားပေးဝယ်ယူဖို့ မမေ့ပါနဲ့။

Lifestyle_Myanmar
ref-everydayhealth