ဘဝမှာ အချိန်တိုင်း နေ့ရက်တိုင်း ပျော်ရွှင်နေဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခုပါပဲ။ လူသားတိုင်းက လောကဒဏ်ရဲ့ ရိုက်ခတ်မှုတွေ မလိုချင်ပေမယ့်လည်း ခါးစည်းခံပြီး ကြံ့ကြံ့ခံရင်ဆိုင်နေကြရသူတွေချည်းပါပဲ။ ပျော်ရွှင်မှုနဲ့ ကြုံတွေ့ရတဲ့အခါ အစွမ်းကုန် ပျော်ရွှင်နိုင်ပေမယ့် ဝမ်းနည်းစရာ၊ စိတ်အားငယ်စရာတွေနဲ့ ကြုံတွေ့လာရတဲ့အခါ ကိုယ့်ရဲ့စိတ်ကို မလွှတ်ချမိဖို့က အရေးကြီးပါတယ်။ မိမိရဲ့စိတ်ကို တင်းထားမှသာလျှင် ဝမ်းနည်း စိတ်ပျက်စရာတွေက လွန်မြောက်မှာပဲဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ စိတ်အားလျော့ချလိုက်မယ်ဆိုရင်တော့ စိတ်ဓာတ်ကျခြင်းက တစ်မဟုတ်ချင်း ချည်းနင်းဝင်ရောက်လာနိုင်ပါတယ်။
စိတ်ပျက် အားငယ်စရာ၊ ဝမ်းနည်းစရာတွေနဲ့ ကြုံတွေ့လာတဲ့အခါ ဘာလုပ်သင့်သလဲ။
လူကြီးမိဘများနဲ့ တိုင်ပင်ပါ
သင့်မိဘတွေက သင့်ကို ငယ်ငယ်လေးကတည်းက ထိန်းကျောင်းလာခဲ့ကြတာကြောင့် သင့်ရဲ့အပြုအမူ၊ အပြောအဆို၊ အနေအထိုင်နဲ့ ပတ်သက်လာရင် ခရေစေ့တွင်းကျ သိနားလည်ကြတဲ့သူတွေပါ။ သင် ကြုံတွေ့နေရတဲ့ စိတ်ညစ်စရာ ပြဿနာရဲ့ အရင်းအမြစ်က ဘာ့ကြောင့်လဲ ဘယ်လိုဖြေရှင်းသင့်သလဲဆိုတဲ့ အကြံဉာဏ်ကောင်းတွေကို ပေးစွမ်းနိုင်ပါတယ်။

အခင်ဆုံးသူငယ်ချင်းထံ ရင်ဖွင့်ပါ
စိတ်ပေါ့ပါးသွားဖို့အတွက် သူငယ်ချင်းဆီ ရင်ဖွင့်ခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ လူငယ်တွေဖြစ်တဲ့အတွက် ရင်ဘတ်ချင်းတူတယ်။ ဒါ့ကြောင့် သင့်ခံစားချက်နဲ့ အနီးစပ်ဆုံးအကြံဉာဏ်ကို ပေးစွမ်းနိုင်ပါတယ်။ သူငယ်ချင်းထံ ရင်ဖွင့်ပေမယ့် ကိုယ်ရင်ဖွင့်တဲ့သူက အမှန်တကယ်ယုံကြည်ရတဲ့သူဖြစ်ဖို့လိုပါတယ်။ သူငယ်ချင်းအယောင်ဆောင်ပြီး ကိုယ့်နောက်ကျောဓားနဲ့ ထိုးမယ့်သူမျိုးကို ရင်မဖွင့်မိဖို့က အရေးကြီးဆုံးပါပဲ။ နို့မဟုတ်ရင်တော့ သင် ဝမ်းနည်းဒုက္ခရောက်နေတာကို စိတ်ထဲမှာ ကြိတ်ပြီး ဝမ်းသာနိုင်သလို ဒီ့ထက်ဒုက္ခရောက်အောင်လည်း ပြုလုပ်နိုင်ပါသေးတယ်။

ချစ်သူရည်းစားထံ အကြံဉာဏ်တောင်းပါ
သင့်ချစ်သူဆိုတာ သင်နဲ့ တစ်ဘဝလုံး လက်တွဲသွားရမယ့်သူပါ။ ဆိုးတူကောင်းဖက် တိုင်ပင်ဖော် တိုင်ပင်ဖက်တွေပဲဖြစ်ပါတယ်။ သင့်ရဲ့ အခြေအနေကို အမှန်အတိုင်းဖွင့်ပြောပြခြင်းက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ယုံကြည်မှုတွေ တည်ဆောက်တဲ့အခါမှာ အထောက်အကူကောင်းကောင်းပေးနိုင်ပါတယ်။ တစ်ချို့သူတွေကတော့ ကိုယ့်ချစ်သူ စိတ်ညစ်မှာစိုးလို့ အပူကူးမှာစိုးလို့ဆိုပြီး တစ်ယောက်တည်း ကြိတ်မှိတ်ခံစားလေ့ရှိပါတယ်။ ဒါက မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ သင့်ရဲ့ စိတ်ညစ်စရာတွေကို သူ့ကို ပေးသိလိုက်ပါ။ ဒါမှလည်း သူက ချစ်သူတစ်ယောက်အနေနဲ့ သင့်အတွက် ဘာပြန်ဖြည့်ဆည်းပေးနိုင်မလဲဆိုတာ သိမှာပါ။

တတ်ကျွမ်းနားလည်တဲ့ ဆရာသမားထံ အကူအညီတောင်းပါ
ကိုယ် ရင်ဆိုင်နေရတဲ့ ပြဿနာက ဘယ်နယ်ပယ်နဲ့သက်ဆိုင်သလဲဆိုတာ သိအောင် လုပ်ပါ။ ထိုနယ်ပယ်အကြောင်း သိနားလည်တတ်ကျွမ်းတဲ့ ကျွမ်းကျင်ပညာရှင်တွေထံ အကူအညီတောင်းပြီး တိုင်ပင်ဆွေးနွေးပါ။ ဥပမာ ကိုယ့်ကို တစ်စုံတစ်ယောက်က ငွေလိမ်သွားလို့ တရားဥပဒေနည်းနဲ့ ဖြေရှင်းချင်တယ်ဆိုရင် ရှေ့နေတွေနဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Lifestyle_Myanmar
ref-helpguide