ဝန်ထမ်းအများစုကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုက ဝင်ငွေနဲ့ ထွက်ငွေမလောက်ငှတဲ့ ပြဿနာပါ။ ဝင်ငွေကနည်းသလောက် ထွက်ငွေက ပိုများနေတဲ့အခါ လစဉ်လတိုင်းက အကျပ်တည်းနဲ့ ရင်ဆိုင်နေရတော့တာပဲဖြစ်ပါတယ်။ ကိုယ်ရဲ့ ဝင်ငွေထွက်ငွေနဲ့ပတ်သက်ပြီး လတိုင်းစိတ်ညစ်နေရတယ်ဆိုတော့ အခုပြောပြမယ့် ဝင်ငွေထွက်ငွေ မမျှတရတဲ့အဓိက အကြောင်းအရင်း (၃) ချက်ကို ဆင်ခြင်လိုက်ပါနော်။
(၁) စာရင်းဇယားမရှိခြင်း
လူအများစုက လက်ထဲပိုက်ဆံများများမြင်နေရချိန်မှာ သုံးကောင်းကောင်းနဲ့ သုံးတတ်ကြပါတယ်။ ဘယ်အရာတွေအတွက် ဘယ်လောက်သုံးလိုက်တယ်ဆိုတဲ့ စာရင်းဇယားမရှိသ၍တော့ မျက်လှည့်ပြသလို ပိုက်ဆံတွေကကုန် နေဦးမှာပဲဖြစ်ပါတယ်။ ဒါကြောင့်သင့်ရဲ့ နေ့စဉ် အသုံးစရိတ်နဲ့ ပတ်သက်ပြီး စာရင်းဇယားလုပ်ထားပါ။ အသေးစားသုံးငွေကအစ စာရင်းဇယားလုပ်ထားတဲ့အခါ ကိုယ်ရဲ့ဝင်ငွေနဲ့ထွက်ငွေကို ပြန်လည် ဆန်းစစ်နိုင်မှာဖြစ်ပြီး ငွေမကုန်သင့်တဲ့အရာတွေအတွက် ဆင်ခြင်မိလာနိုင်မှာဖြစ်ပါတယ်။

(၂) အကြွေးတင်ခြင်း
ဘယ်သူမှ လက်ထဲပိုက်ဆံမရှိတဲ့ဒဏ်ကို ကြာကြာတောင့်မခံနိုင်ကြပါဘူး ။ပိုက်ဆံမရှိတဲ့အခါ အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းက အကြွေးယူတာကလွဲရင်လည်း ကျန်တာမရှိဘူးလို့ တော်တော်များများ လက်ခံထားတတ်ကြပါတယ်။ အကြွေးယူလိုက် ၊ သုံးလိုက် ၊ လကုန်တဲ့အခါ ပြန်ဆပ်လိုက်နဲ့ လုံးလည်ချာလည်လိုက်ရင်း မပြီးဆုံးနိုင်တဲ့ အကြွေးသံသရာထဲမှာ တဝဲလည်လည်ဖြစ်နေတက်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ တစ်လစာ ဝင်ငွေနဲ့ထွက်ငွေ မျှတချင်တယ်ဆိုရင်တော့ အကြွေးရှိလူတန်းစားဘဝက နေရုန်းထွက်နိုင်ဖို့လိုပါတယ်။

(၃) မလိုအပ်တဲ့အရာတွေအတွက် ငွေကုန်ခံခြင်း
ယနေ့ခေတ်ရဲ့ ဈေးကွက်ထဲမှာရှိတဲ့ အဝတ်အထည်တွေ ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ နည်းပညာပစ္စည်းတွေဟာ လူတွေမဝယ် ဝယ်ချင်အောင် နည်းအမျိုးမျိုးနဲ့ဆွဲဆောင်ထားနိုင်တဲ့အတွက် အများစုတကယ်လိုအပ်သည် မလိုအပ်သည်ကို မတွက်တော့ဘဲ သဘောကျရင် ကျသလိုဝယ်တတ်ကြပါတယ်။
ခေတ်ရေစီးကြောင်းကိုလိုက်ပြီး ထွက်သမျှပစ္စည်းအသစ်သစ်တွေကို လိုက်ဝယ်နေမယ်ဆိုရင်တော့ သင့်ရဲ့ ဝင်ငွေမပြောနဲ့ ထီပေါက်မယ်ဆိုရင်တောင် လောက်ချင်မှလောက်မှာပါ။ အဓိက ကိုယ့်အတွက် မဖြစ်မနေလိုအပ်တဲ့အရာတွေကိုသာ ငွေသုံးဖို့မနှောပါနဲ့။ မလိုအပ်တဲ့အရာတွေအတွက် ငွေကုန်ခံခြင်းက ဝင်ငွေထွက်ငွေမမျှတမှုကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။

Lifestyle_Myanmar
ref-thebalance.com