လူတွေက တခါတလေမှာ ကိုယ့်အပြုအမူ အပြောအဆို အမူအကျင့်တွေကို ပြောင်းလဲချင်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုပြောင်းလဲရမယ်ဆိုတာ မသိလို့ပဲဖြစ်ဖြစ် ၊ ပြောင်းလဲတာတွေ မအောင်မြင်လို့ဖြစ်ဖြစ် ကိုယ့်ပြောင်းလဲမှုဖြစ်စဉ်တွေဟာ မအောင်မြင်တတ်ကြပါဘူး။ ကဲ ဟုတ်ပါပြီ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြောင်းလဲကြမလဲ။
ပြောင်းလဲချင်စိတ် တကယ်ရှိပါစေ
တချို့က သူတို့ရဲ့ အမူအကျင့်ဆိုးတွေ အပြောအဆို ဆိုးတွေကို ပြောင်းလဲချင်တယ်သာ အော်နေကြတာပါ။ တကယ်တမ်းကျ သူတို့ရဲ့ အဲဒီအကျင့်တွေကို သူတို့ကိုယ်တိုင်သဘောကျ နှစ်ခြိုက်နေကြတာပါ။ ဒါ့ကြောင့် ကိုယ့်ရဲ့ အပြုအမူတွေ အပြောအဆိုတွေ အမူအကျင့်တွကို ကိုယ်ကိုယ်တိုင် ပြောင်းလဲချင်စိတ် ရှိဖို့ လိုအပ်ပါတယ်။

စာရင်းပြုစုပြီး ချရေးပါ
ကိုယ်ပြောင်းလဲချင်တဲ့အရာတွေကို အရင်ဆုံး စာရင်းပြုစုပြီး တစ်ခုချင်းစီကို ရေးချလိုက်ပါ။ အပြောအဆိုရိုင်းတွေ ၊ အပြုအမူရိုင်းတွေ ၊ စမတ်ကျကျ မပြောဆိုတတ်တာတွေ ကိုယ်ပြင်ချင်တဲ့ ကိုယ့်ရဲ့ အကြောင်းတွေ ဒါတွေအားလုံးကို စာရွက်တွေထဲမှာ ချရေးလိုက်ပါ။ အဲဒီထဲကမှ ကိုယ် ပြင်ရလွယ်ကူမယ့်အချက်ကလေးတွေကို အစဉ်လိုက် ပြုပြင်ကြည့်ပါ။

ကျင့်ယူပါ
ဆဲဆိုပြီး ယောင်တတ်တဲ့ အကျင့်ရှိသူတွေတောင် အဲဒီယောင်ပြီး ဆဲရေးတတ်တဲ့ အကျင့်ကို ပြန်လည် ပြောင်းလဲပစ်လိုက်လို့ရပါတယ်။ ကိုယ့်မှာ စွဲနေတဲ့ အကျင့်တွေကို ဖျောက်ဖျက်ရတာ ခက်ခဲတယ်ဆိုပေမယ့်လည်း တကယ် သတိထားပြီး ပြုပြင်မယ်ဆိုရင် ဘယ်လိုပဲ စွဲမြဲနေတဲ့ အကျင့်ဖြစ်ဖြစ် ပြန်လည် ပြုပြင်လို့ ရပါတယ်။
စိတ်ဓာတ်မကျပါနဲ့
အကျင့်တွေက ပြောင်းလဲရခက်တော့ အချိန်ခဏတာ အခိုက်အတန့်နဲ့တော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့် အကျင့်က ပြောင်းလဲရခက်တဲ့အခါ စိတ်ဓာတ်ကျမသွားပါနဲ့။ အပြုအမူတိုင်း အကျင့်တိုင်းကို အချိန်နဲ့အမျှ သတိထားပြီး ပြောင်းလဲနေမယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။

တစ်ခုပြောင်းလဲသွားတိုင်း ကိုယ့်ကိုယ်ကိုယ် ဆုချပါ
ကိုယ် ပြောင်းလဲချင်တဲ့ အပြုအမူ တစ်ခုပြောင်းလဲသွားချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကိုယ်လိုချင်တဲ့ အရာတစ်ခုခု ဝယ်ပေးတာ လုပ်ပေးတာမျိုးနဲ့ ဆုချဖို့ မမေ့ပါနဲ့။ ဒီတိုင်းပါပဲ။ ကိုယ် ပြုပြင်ပြောင်းလဲချင်တဲ့ အပြုအမူတစ်ခု မပြောင်းလဲတဲ့အခါမျိုးမှာလည်း ကိုယ့်ကိုယ်ကိုယ် ဒဏ်ခတ်ချင်ရင်လည်း လုပ်လို့ရပါတယ်။

Lifestyle_Myanmar
ref-elegantthemes