လူမှုကွန်ယက်ဆိုရှယ်မီဒီယာတွေဆိုတာဟာ သုံးတတ်ရင်အကျိူးရှိပေမယ့် မသုံးတတ်တဲ့သူအတွက်တော့ ဆိုးကျိုးတွေများစွာရှိနိုင်ပါတယ်။ ယနေ့ခေတ်လူတော်တော်များများ ကိုယ့်ရဲ့ခံစားချက်တွေကို စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်လေ့ရှိကြပါတယ်။ သာမာန်ဓာတ်ပုံလေးတွေ စာလေးတွေတင်တာက အကျိုးသက်ရောက်မှုဖြစ်မလာနိုင်ပေမယ့် တချို့သောအရာတွေကတော့ ကိုယ့်အတွက် ထိခိုက်နစ်နာမှုတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ လုံးဝမတင်သင့်တဲ့အရာတွေက ဘာတွေဖြစ်မလဲ ဆက်ဖတ်ကြည့်ရအောင်။
(၁) ကိုယ်ရေးကိုယ်တာ ကိစ္စများ
လူတိုင်းလူတိုင်းမှာ တခြားသူတွေမသိစေချင်တဲ့ Privacy ကိစ္စတွေဆိုတာ ရှိပါတယ်။ လျို့ဝှက်ထားသင့်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို Public မှာလုံးဝချပြလို့ မသင့်ပါဘူး။ လူမှုကွန်ယက်ဆိုတာ လူသန်းပေါင်းများစွာအသုံးပြုနေတဲ့ မြန်ဆန်လွန်းတဲ့ဆက်သွယ်ရေးကွန်ယက်တစ်ခုဖြစ်တာကြောင့် ကိုယ့်ရဲ့ အတွင်းရေးကိစ္စတွေကို လူမှုကွန်ယက်ပေါ်တင်ခြင်းဟာ တစ်ချိန်တည်း လူသန်းပေါင်းများစွာရှေ့မှာ ကိုယ့်အထုပ် ကိုယ်ဖြည်ပြနေသလိုမျိုး သက်ရောက်သွားစေမှာဖြစ်ပါတယ်။

(၂) အလုပ်ခွင်က ပြဿနာများ
လူတော်တော်များများ အလုပ်ခွင်မှာဖြစ်လာတဲ့ ပြဿနာတွေကို လူမှုကွန်ယက်ပေါ်တက်ပြီး ရင်ဖွင့်ရေးသားလေ့ရှိတတ်ကြပါတယ်။ ကိုယ့်ရဲ့ အထက်လူကြီး သို့မဟုတ် အလုပ်မှာဖြစ်ခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်မှာ ပေါက်ကွဲတာတွေ ၊ စောင်းမြောင်းရေးသားတာတွေ တကယ့်ကိုလူကြီးလူကောင်းမဆန်စေတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ အလုပ်မှာ တော်တော်လေးအဆင်မပြေခဲ့ဘူးဆိုရင် အိမ်က လူကြီးမိဘတွေကို အကြံဉာဏ်တောင်းတာဖြစ်စေ ၊ ယုံကြည်ရတဲ့သူငယ်ချင်းကိုဖုန်းဆက်ပြီး ရင်ဖွင့်တာဖြစ်စေပြုလုပ်သင့်ပါတယ်။

(၃) ခွင့်ပြုချက်မရတဲ့ ဓာတ်ပုံဗီဒီယိုများ
ကိုယ်ရဲ့ အကောင့်မှာ ကိုယ်တင်တာပဲဆိုပေမယ့် ခွင့်ပြုချက်ရ မရ သေချာမသိဘဲ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လုံးဝမတင်သင့်ပါဘူးနော်။ ဥပမာ သင့်သူငယ်ချင်းတွေနဲ့ အရက်သောက်နေတဲ့ ဓာတ်ပုံတစ်ပုံဆိုပါစို့။ အဲ့ဒီဓာတ်ပုံထဲက သူငယ်ချင်းတစ်ယောက်ဟာ အိမ်မပိုင်တဲ့ သူတစ်ယောက်ဆိုရင် သူအရက်သောက်နေတဲ့ပုံဟာ သူ့အတွက် အများကြီးဆိုးကျိုးတွေရှိသွားနိုင်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာသူငယ်ချင်းအပေါင်းအသင်းတွေကို မေးမြန်းခြင်းမရှိ ၊ ခွင့်ပြုချက်မရဘဲ လက်လွတ်စပယ် မတင်သင့်ပါဘူး။

(၄) ဘဏ်နဲ့ ပတ်သက်တဲ့ အချက်အလက်များ
နည်းပညာတိုးတက်နေတဲ့ခေတ်မှာ ကိုယ့်ရဲ့ ဘဏ်အကောင့်နံပါတ်တွေ ATM ကဒ်နဲ့ အကြွေးဝယ်ကဒ်တွေ စတဲ့ ဘဏ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဓာတ်ပုံရိုက်ပြီး တင်တာဟာ အန္တရာယ်ကို ဖိတ်ခေါ်တာနဲ့ အတူတူပါပဲ။ ဘဏ်လုံခြုံရေးစနစ်ဟာ စိတ်ချယုံကြည်ရတယ်ဆိုပေမယ့်လည်း ဘဏ်လုံခြုံရေးစနစ်တွေကို ချိုးဖောက်နိုင်တဲ့ နည်းပညာတတ်ကျွမ်းတဲ့ မသမာသူတွေလည်း အများကြီးရှိတာကြောင့် ကိုယ့်ရဲ့ ဘဏ္ဏာရေး ကိစ္စလုံခြုံဖို့အတွက် ကိုယ်တိုင်စောင့်ထိန်းရမှာဖြစ်ပါတယ်။

(၅) သမီးရည်းစား ပြဿနာများ
Relationship တွေအနေနဲ့ အဆင်ပြေတဲ့အချိန်ဆိုတာရှိသလို ရန်ဖြစ်စကားများတဲ့အချိန်တွေလည်း ရှိကြစမြဲပါ။ လူတိုင်းအားကျရလောက်တဲ့စုံတွဲတွေဟာ ဘယ်တော့မှ သူတို့ရဲ့ အတွင်းရေးပြဿနာတွေကို လူမှုကွန်ယက်ပေါ်တင်လေ့မရှိပါဘူး။ ပျော်ပျော်ရွှင်ရွှင်သွားလာနေတဲ့ပုံလေးတွေ ၊ ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးတွေကို တင်ခြင်းဖြင့်ပဲ ကိုယ့်အကောင့်ထဲက သူငယ်ချင်းတွေကို အားကျစေတာဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကြားက ပြဿနာတွေကို ချပြတာကတော့ အရှက်ကွဲရုံမှအပ တခြားဘာမှမရနိုင်ပါဘူး။

Lifestyle_Myanmar
ref-socialmediatoday