လူအများစုဟာ တစ်ချို့သောအရာတွေကို သတိမမူမိလို့ဖြစ်စေ အခြေအနေအချိန်အခါအရ မလုပ်မဖြစ်လုပ်လိုက်ရလို့ပဲဖြစ်စေ လူ့ဘောင်လောကနဲ့ ဆန့်ကျင်နေတဲ့ အထင်သေးစရာလုပ်ရပ်တစ်ချို့ကို လုပ်မိနေတတ်ကြပါတယ်။ တကယ်တော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့သိက္ခာ ကိုယ်ရဲ့တန်ဖိုးကို ကျဆင်းခံပြီး လူတွေအမြင်မှာ အထင်သေးစရာဖြစ်စေမယ့် လုပ်ရပ်တွေကို သတိထားရှောင်ကျဉ်သင့်ပါတယ်။ ဘယ်လိုအချက်တွေကို သတိထားရှောင်ကျဉ်ရမလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်။
တန်းမစီပဲကျော်သွားခြင်း
Super Market တွေမှာ ဈေးဝယ်ရင်ဖြစ်စေ Food Court နဲ့ စားသောက်ဆိုင်တွေမှာအစား အစာဝယ်စားရင်ဖြစ်စေ စည်းကမ်းရှိစွာတန်းစီတယ်ဆိုတာ တကယ့်ကိုနိုင်ငံကြီးသားပီသမှုကို ဖော်ပြနေတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်ရှေ့ကလူတွေကို ကျော်ခွပြီး တန်းမစီရင်တော့ တော်တော်လေးကို အထင်သေးစရာကောင်းတဲ့ လူတစ်ယောက်အဖြစ် လူတွေရဲ့ အထင်မြင်သေးခြင်းကိုခံရနိုင်ပါတယ်။ လူတွေအထင်သေးတာထက် ကိုယ့်ရဲ့တန်ဖိုးကိုမြှင့်တင်ချင်တယ်ဆိုရင်တော့ အခုလိုတန်းစီရမယ်နေရာတွေမှာ စည်းကမ်းမရှိတန်းမစီပဲ ကျော်ခွသွားခြင်းကို လုံးဝရှောင်ကျဉ်ဖို့ အကြံပြုလိုပါတယ်။

စည်းကမ်းမဲ့အမှိုက်ပစ်ခြင်း
လူအားလုံး အမှိုက်ကို အမှိုက်ပုံးမှာပစ်ရမယ်ဆိုတာသိပေမယ့် တစ်ခါတစ်လေမှာ လက်လွတ်စပယ် အမှိုက်ပစ်လိုက်မိတာမျိုးတွေ ရှိတတ်ကြပါတယ်။ အမှိုက်ပုံးအလွယ်တကူ ရှာမတွေ့လို့ဖြစ်စေ ကားပေါ်ရထားပေါ်တွေကနေ အလွယ်တကူပစ်ချလိုက်တာမျိုးဖြစ်စေ အမှိုက်တွေကိုအလွယ်တကူပဲ စည်းကမ်းမဲ့စွာ ပစ်ချတတ်ကြတာဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ လုံးဝရှောင်ကျဉ်ရမယ့်အချက်တစ်ခုပါ။ အကယ်၍ ကိုယ့်မှာအမှိုက်တစ်စုံတစ်ရာရှိနေပြီး အမှိုက်ပစ်ဖို့ အမှိုက်ပုံးတစ်ခုခုမတွေ့ခဲ့ရင် သေချာထုပ်ပိုးပြီး အမှိုက်ပုံးရှိရာသို့ဖြစ်စေ နောက်ဆုံးကိုယ့်ရဲ့အိတ်ထဲဖြစ်ဖြစ်ထည့်ကာ အိမ်ကိုယူသွားပါ။ လမ်းပေါ်မပစ်ချလိုက်ပါနဲ့။

အသံကျယ်ကျယ်ဖြင့်ဖုန်းပြောခြင်း
အခုခေတ်မှာ ဖုန်းသံအကျယ်ကြီးနဲ့ ဖုန်းပြောစရာမလိုလောက်အောင် အရင်ကထက်ဖုန်းလိုင်းတွေ ကောင်းနေပါပြီလို့ ပြောလို့ရပါတယ်။ တစ်ခါတစ်လေ လိုင်းကျတာ လိုင်းမကောင်းတာကလွဲရင်ပေါ့။ ဒါပေမယ့် အခုအချိန်အထိ အကျင့်ပါပြီး ဖုန်းပြောရင်အသံကျယ်ကျယ်နဲ့ အော်ပြောတတ်သူတွေ ပတ်ဝန်းကျင်မှာတွေ့ရဆဲပါ။ ဘက်စ်ကားပေါ်ဖြစ်စေ လူထူထပ်တဲ့ Shopping Mall လိုနေရာတွေဖြစ်စေ ဒီလိုလူတွေအများကြီးရှိတဲ့နေရာမှာတော့ ဖုန်းကိုအသံအကျယ်ကြီး အော်ပြောခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ ဒီလုပ်ရပ်ဟာပတ်ဝန်းကျင်ကလူတွေကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အသံကျယ်ကျယ်နဲ့ ဖုန်းပြောတတ်သူတွေအနေနဲ့ ဒီလိုဖုန်းပြောတတ်တဲ့အကျင့်ကို တက်နိုင်သလောက်ရှောင်ကျဉ်ဖို့ အကြံပြုလိုပါတယ်။

ဆဲဆိုစကားပြောခြင်း
ယောကျာ်လေးတော်တော်များများ သူငယ်ချင်းအချင်းချင်း ခင်မင်မှုအရ စကားပြောရာတွင် အဆဲလေးနှောပြီးပြောတတ်ကြပါတယ်။ သူငယ်ချင်းအချင်းချင်း စကားပြောရာမှာ အဆဲလေးတွေရောပြောတာ ကိစ္စမရှိပေမယ့် ဘေးနားကကြားရတဲ့သူတွေအတွက်တော့ လုံးဝနားဝင်မချိုလှပါဘူး။ ဒါကြောင့်ဘယ်လောက်ပဲ ခင်မင်ရင်းနှီးပါတယ်ဆိုတဲ့ သူငယ်ချင်းတွေဖြစ်နေပါစေ လူကြားသူကြားထဲမှာတော့ အဆဲလေးတွေရှောင်ပြီး ပြောဆိုဆက်ဆံဖို့ အကြံပေးချင်ပါတယ်။
Lifestyle_Myanmar
ref-seeken