လူတစ်ယောက်နဲ့တစ်ယောက် စကားပြောတဲ့အခါ လိုက်နာသင့်တဲ့ အခြေခံသဘောတရားတွေ ယဉ်ကျေးမှုဆိုတာတွေ ရှိပါတယ်။ တစ်ချို့သောလူတွေမှာ ဘာကြောင့် အပေါင်းအသင်းနည်းတာလည်း မိတ်ဆွေသူငယ်ချင်း နည်းပါးရတာလည်းဆိုရင် အဆိုပါ အခြေခံယဉ်ကျေးမှုကျင့်ဝတ်တွေကို မလိုက်နာလို့ပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စကားပြောဆိုတဲ့အခါမှာ လုံးဝမလုပ်သင့်တဲ့ အပြုအမူတွေကို ပြောပြပေးချင်ပါတယ်။
(၁) စိတ်ဝင်တစားနားမထောင်ခြင်း
လူတစ်ယောက်နဲ့တစ်ယောက်စကားပြောဆိုတဲ့အခါ အပြည့်အဝ အာရုံစိုက်နားထောင်ခြင်းကလည်း ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အာရုံတွေလွင့်နေတာမျိုး အဝေးကို ငေးကြည့်နေတာမျိုး စသည်ဖြင့် စိတ်မဝင်စားတဲ့ပုံပေါက်နေမယ်ဆိုရင်တော့ စကားပြောနေတဲ့သူအပေါ်ကိုလည်း လေးစားမှု မရှိရာရောက်သလို ကိုယ်ရဲ့ လူကြီးလူကောင်းမဆန်မှုကိုလည်း ပေါ်လွင်စေမှာဖြစ်ပါတယ်။ ဒါကြောင့် လူနှစ်ယောက်ပဲဖြစ်စေ အများနဲ့ဖြစ်စေ စကားပြောတဲ့အခါ စိတ်ဝင်တစားနားထောင်ပေးပါ။

(၂) အရွှန်းဖောက်လွန်းခြင်း
စကားပြောဆိုတဲ့အခါမှာ ပြောတဲ့သူနဲ့နားထောင်သူကြား ရင်းနှီးမှုပိုတိုးစေဖို့ ဟာသလေးတွေနဲ့ အပြန်အလှန် အရွှန်းဖောက်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်လူ ပြောသမျှစကားတိုင်းကိုလိုက်ပြီး အရွှန်းဖောက်တာ စနောက်တာမျိုးကျတော့ အပျော်သဘောနောက်ပြောင်တဲ့ အဆင့်မဟုတ်တော့ပဲ တစ်ဖက်လူကို လှောင်ပြောင်ရာရောက်စေပါတယ်။ တစ်ဘက်လူအနေနဲ့လည်း ဒေါသထွက်စရာဖြစ်စေနိုင်တာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ စိတ်ခုမှုတွေဖြစ်သွားစေနိုင်ပါတယ်။

(၃) စကားဖြတ်ပြောခြင်း
လူတစ်ယောက်ပြောလက်စ စကားကိုရပ်တန့်သွားစေတဲ့အထိ စကားဖြတ်ပြောခြင်းက အရမ်းကိုယဉ်ကျေးမှုမရှိတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။ ဒီလိုစကားဖြတ်ပြောခြင်းက တစ်ဖက်လူကို လုံးဝလေးစားမှုမရှိရာ ရောက်စေမှာဖြစ်ပါတယ်။ တစ်ဖက်လူရဲ့ စကားကိုဆုံးတဲ့အထိ သေချာဂရုတစိုက်နားထောင်ပြီးမှသာ ကိုယ်ပြောချင်တဲ့စကားကို ပြန်လည်ပြောဆိုသင့်တာဖြစ်ပါတယ်။

(၄) ဖုန်းသုံးနေခြင်း
လူတွေရဲ့နေ့စဉ်ဘဝမှာ ဖုန်းတွေက မပါမဖြစ်အရာတစ်ခုဖြစ်လာခဲ့ပြီး အချိန်တော်တော်များများကိုလည်း ဖုန်းတွေပေါ်မှာပဲ ကုန်ဆုံးလာကြတာတွေ့ရပါတယ်။ လူတွေအတွက်စမတ်ဖုန်းတွေက အရေးပါတယ်လို့ဆိုပေမယ့်လည်း ပြင်ပလောကမှာရှိတဲ့ မိသားစုသူငယ်ချင်း မိတ်ဆွေတွေလောက်တော့ အရေးပါနိုင်မှာမဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့သူငယ်ချင်းတွေမိတ်ဆွေတွေနဲ့ တွေ့ဆုံစကားပြောနေချိန်မှာတော့ ဖုန်းတွေကိုခပ်ဝေးဝေးမှာပဲ ထားသင့်ပါတယ်။

Lifestyle_Myanmar
ref-verywellmind