ကျောင်းသားပဲ ဖြစ်ဖြစ် ၊ ရုံးဝန်းထမ်းပဲ ဖြစ်ဖြစ် မိမိရဲ့တစ်နေ့မှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အလုပ်တစ်ခုကို အာရုံစူးစိုက်ပြီးလုပ်ခြင်းက အမှားနည်းတယ် ၊ မြန်မြန်ဆန်ဆန် ပြီးမြောက်အောင်မြင်တယ် စတဲ့ အကျိုးကျေးဇူးတွေများစွာ ရရှိစေပါတယ်။ သင့်အနေနဲ့ အလုပ်တစ်ခုအပေါ် အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ မလုပ်ဆောင်နိုင်ဘူးဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့ ကိုယ့်ရဲ့ အာရုံစူးစိုက်မှု စွမ်းရည်ကိုမြှင့်တင်လိုက်ပါ။
(၁) အလုပ်လုပ်ချိန်နဲ့ နားချိန်ခွဲထားပါ
တစ်ခါတစ်လေမှာ မိမိလုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကို မြန်မြန်ပြီးချင်ဇောနဲ့ အနားယူချိန်တောင်မယူပဲ ဇောက်ချလုပ်မိတတ်ပါတယ်။ ဒါဟာမှားယွင်းတဲ့ အချက်တစ်ခုပါ။လူရဲ့ ဦးနှောက်ဆိုတာကလည်း အင်ဂျင်တစ်လုံးလိုပါပဲ။ အချိန်တိုင်းမောင်းနှင်ထားလို့မရပါဘူး။ နားချိန်လည်းပေးရပါတယ်။ ဒီလိုပါပဲ သင့်အနေနဲ့လည်း (၁) နာရီလောက်အလုပ်လုပ်ပြီး (၁၅) မိနစ်လောက်အနားယူချင်းက သင့်နောက်ထပ်လုပ်မယ့်အလုပ်တေမှာ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်မယ်ဆိုတာ မယုံမရှိပါနဲ့။

(၂) စိမ်းစိုတဲ့အရာတွေကိုကြည့်ပါ
သင့်ပတ်ဝန်းကျင်မှာ စိမ်းစိုတဲ့သစ်ပင်တွေ (သို့မဟုတ်) မြက်ခင်းပြင်တစ်ခုခုတော့ရှိမှာသေချာပါတယ်။ အဲ့လိုအစိမ်းရောင်ရှိတဲ့အရာတွေကို ကြည့်ပေးခြင်းက မျက်စိကျန်းမာရေးကိုလည်း အထောက်အကူဖြစ်စေသလို အာရုံစူးစိုက်နိုင်စွမ်းလည်း ပိုကောင်းလာစေပါတယ်။ သင့်အနေနဲ့ အလုပ်တွေပိလို့ စိတ်ဖိစီးပြီး အာရုံစူးစိုက်နိုင်စွမ်းတွေလျော့ကျနေပြီဆိုရင်တော့ ကိုယ့်အနီးအနားမှာရှိတဲ့ အစိမ်းရောင်သစ်ပင်တွေ စိမ်းစိုတဲ့အရာတွေကို ခဏလောက်ကြည့်ပေးပါ။

(၃) စာဖတ်ပါ
ဗဟုသုတရများဆုံဆည်းရာ ရတနာသိုက်ကြီးက စာဖတ်ခြင်းမှတပါး တခြားမရှိနိုင်ပါဘူး။ စာဖတ်တယ်ဆိုတာ တကယ်တော့ မျက်လုံးကကြည့်ပြီး ဦးနှောက်က ဖတ်မှတ်တဲ့အလုပ်ကိုလုပ်နေတာပါ။ ဒါ့ကြောင့် စာဖတ်ခြင်းက အကောင်းဆုံး ဦးနှောက်အတွက် လေ့ကျင့်ခန်းတစ်ခုဆိုလည်း မမှားပါဘူး။ အာရုံစူးစိုက်မှု ကောင်းမွန်ဖို့ ဦးနှောက်ကို စာဖတ်ခြင်းဖြင့် လေ့ကျင့်ပေးပါ။

(၄) အားကစားလုပ်ပါ
အားကစားပုံမှန်ပြုလုပ်သူတွေဟာ အားကစားမလုပ်သူတွေထက် ပိုပြီးအာရုံစူးစိုက်မှု ကောင်းမွန်တယ်လို့ သုတေသနပြုလုပ်ချက်တွေအရ သိရပါတယ်။ အဓိကအားဖြင့်အထိုင်များသူတွေ ၊ လှုပ်လှုပ်ရှားရှားမရှိသူတွေနဲ့ အဝလွန်နေသူတွေက အာရုံစူးစိုက်မှုပိုင်းမှာ အားနည်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တစ်နေ့ကို ပုံမှန် နာရီဝက်ခန့် အားကစားပြုလုပ်ခြင်းဖြင့် သင့်ရဲ့ အာရုံစူးစိုက်နိုင်မှုစွမ်းရည်ကို မြှင့်တင်လိုက်ပါ။ တခြားသောအားကစားတွေ မလုပ်ချင်ဘူးဆိုရင်တော့ တရားထိုင်တာ ယောဂကျင့်တာမျိုးလုပ်ဆောင်ပေးပါ။

(၅) အိပ်ချိန်လုံလုံလောက်လောက်ယူပါ
အိပ်ချိန်လုံလောက်စွာ မရသူတစ်ယောက်အတွက် ဘယ်လိုနည်းနဲ့မှ အလုပ်တစ်ခုအပေါ် ကောင်းစွာအာရုံစူးစိုက်နိုင်မှာ မဟုတ်ပါဘူး။ ညဘက်မှာကောင်းစွာအိပ်စက်ခြင်းမရှိရင် နောက်တစ်နေ့မှာလေးလံထှိုင်းမှိုင်းနေပြီး ၊ ခေါင်းမူးခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်း စတဲ့ ပြဿနာတွေ ခံစားရမှာဖြစ်တာကြောင့် အာရုံစူးစိုက်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ညဘက်တွေမှာ စောစောအိပ်ယာဝင်ပါ။

Lifestyle_Myanmar
ref-betterup