လက်သည်းလေးတွေကို ကြည့်ခြင်းအားဖြင့် သင့်ရဲ့ ကျန်းမာရေးကောင်း မကောင်းဆိုတာကို ပြောပြနိုင်တာမို့လို့ လက်သည်းအရှည်ထားသူပဲဖြစ်ဖြစ်၊ လက်သည်းအတိုထားသူပဲဖြစ်ဖြစ်၊ လက်သည်းကျန်းမာရေးအတွက် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ လက်သည်းလေးတွေက တောက်တောက်ပြောင်ပြောင်လေးဖြစ်မနေဘဲ အရောင်မွဲခြောက်ခြောက် ဖြစ်နေမယ်ဆိုရင်တော့ ကြည့်ကောင်းနေမှာမဟုတ်ဘဲ အလှအပကို ထိခိုက်စေမှာပါ။ ဒါ့ကြောင့် လက်သည်းလေးတွေ ကျန်းမာပြီး ကြည့်ကောင်းနေဖို့ ဘယ်လိုဂရုစိုက်သင့်လဲဆိုတာ ဖော်ပြလိုက်ပါတယ်။
ဗီတာမင် အီး လိမ်းပေးပါ
ဗီတာမင်အီးက ပျော်ဝင်လွယ်တဲ့ အာဟာရတစ်မျိုးဖြစ်ပြီး လက်သည်းအခွံနဲ့ အနားတစ်ဝိုက်က အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးပါတယ်။ ပျက်စီးပြီး ကြွတ်ဆတ်ဆတ်ဖြစ်နေတဲ့ လက်သည်းလေးတွေကို ပြန်လည်ပြုပြင်ပေးတာကြောင့် လက်သည်းခွံလေးတွေပေါ်ကို ဗီတာမင်အီးအဆီ လိမ်းပေးပါ။

အုန်းဆီ
ကျန်းမာလှပပြီး သန်စွမ်းတဲ့ လက်သည်းခွံလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဦးဆုံးလုပ်ရမှာက အစိုဓာတ်ဖြည့်တင်းပေးဖို့ပါပဲ။ အစိုဓာတ်ပြည့်ဝနေမယ်ဆိုရင် လက်သည်းရှည်လည်း မြန်ဆန်စေမှာဖြစ်လို့ အပူပေးထားတဲ့ အုန်းဆီနွေးနွေးလေးကို လက်သည်းနဲ့ လက်သည်းခွံဘေးနားတစ်ဝိုက်ကို လိမ်းကျံပေးမယ်ဆိုရင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး လက်သည်းကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

ပန်းသီး ရှာလကာရည်
အားနည်းပြီး ကျိုးပဲ့ပျက်စီးနေတဲ့ လက်သည်းတွေအတွက် နောက်ထပ်ဖြေရှင်းနည်းလမ်းတစ်ခုကတော့ ပန်းသီးရှာလကာရည်ပါ။ ပန်းသီးရှာလကာရည်ကို ဆံသားတွေအတွက်သာမဟုတ်ဘဲ လက်သည်းတွေ ပြန်လည်သန်စွမ်းလာဖို့အတွက်ပါ အသုံးပြုပေးနိုင်ပါတယ်။ လက်သည်းအားနည်းလို့ပဲဖြစ်ဖြစ် လက်သည်းခွံမှာ ဘက်တီးရီးယားပိုး မကြာခဏ ကပ်လွယ်လို့ ပျက်စီးနေတာမျိုးတွေဆို ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်းတစ်ဇွန်းစာကို ရေနွေးနွေးလေးတစ်ဖန်ခွက်နဲ့ ရောပြီး လက်သည်းလေးကို စိမ်ထားပေးလိုက်ပါ။

သံပုယိုရည်
သံပုယိုရည်ကလည်း လက်သည်းခွံတွေ အရောင်ပြန်တက်လာအောင်ရယ် အစွန်းအထင်းတွေ ဖယ်ရှားပေးတာရယ်အပြင် ဗီတာမင်စီပါဝင်လို့ သန်စွမ်းနှုန်းကိုလည်း တိုးတက်စေပါတယ်။ သံပုယိုသီးတစ်ခြမ်းကို အရည်ညစ်ပြီး ရေနွေးနွေးလေး တစ်ဖန်ခွက်နဲ့ ရောပြီး လက်သည်းလေးတွေကို ၅ မိနစ် ၁၀ မိနစ်ခန့် စိမ်ထားပေးပါ။ လက်သည်းခွံလေးတွေ အရောင် စိုစိုပြေပြေနဲ့ တောက်ပလာပါလိမ့်မယ်။

သံလွင်ဆီ
ကျိုးကြေပျက်စီးနေတဲ့ လက်သည်းတွေက လက်သည်းခွံတွေ အလွန်အမင်းခြောက်သွေ့လွန်ရာကနေ ဖြစ်လာရတဲ့ နောက်ဆက်တွဲ လက္ခဏာပါ။ ဒီလိုဖြစ်ပြီဆိုရင် အရင်တုန်းကလိုမျိုး လက်သည်းကောင်းကောင်း ရှည်လာတော့မှာမဟုတ်သလို လှပတဲ့လက်သည်းခွံလေးတွေလည်း ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အပူပေးထားတဲ့ သံလွင်ဆီနွေးနွေးလေးကို လက်သည်းခွံပေါ် လိမ်းကျံပေးပြီး ၅ မိနစ် ၁၀ မိနစ်ခန့် နှိပ်နယ်ပေးပါ။ သံလွင်ဆီထဲမှာပါဝင်တဲ့ ဗီတာမင် အီးဓာတ်က ပျက်စီးသွားတဲ့ လက်သည်းတွေကို ပြန်လည်ပြုပြင်ပေးပြီး လက်သည်းအရှည်မြန်အောင် လှုံ့ဆော်ပေးပါတယ်။

Lifestyle_Myanmar
ref-brightside