လူတိုင်းလူတိုင်း မျှော်လင့်မထားဘဲ ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို အကောင်းဆုံးကာကွယ်နိုင်ဖို့ရာ ကိုယ်လုံပညာတစ်ခုခုတော့ သင်ယူတတ်မြောက်ထားဖို့လိုမယ်ထင်ပါတယ်။ ကိုယ်လုံပညာသင်တန်း များစွာရှိတဲ့အနက် လက်ဝှေ့ ကစားနည်းဟာလည်း ယနေ့ခေတ်မှာအရမ်းကို ရေပန်းစားလူကြိုက် များလာတဲ့ ကစားနည်းတစ်မျိုးဖြစ်ပါတယ်။ လက်ဝှေ့ကစားခြင်းဟာ ခန္ဓာကိုယ်ကျန်းမာသန်စွမ်းဖို့သာမက စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်လာစေတဲ့ အားကစားနည်းတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ လက်ဝှေ့အားကစားနည်းကို ပုံမှန်ကစားမယ်ဆိုရင် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေကိုလည်း ပြောပြပေးချင်ပါတယ်။
(၁) ကိုယ့်ကိုယ်ကို အပြည့်အဝကာကွယ်နိုင်တယ်
လက်ဝှေ့ကစားနည်းဟာ ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခု ထက်ပိုတဲ့ ကစားနည်းတစ်ခုဖြစ်ပါတယ်။ လျင်မြန်သွက်လက်မှုကို အခြေခံတဲ့ အားကစားနည်းတစ်ခုဖြစ်တဲ့အတွက် ကိုယ့်အပေါ် ရုတ်တရက် ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို အကောင်းဆုံး လျင်မြန်သွတ်လက်စွာ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ရန်သူရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ကြိုတင်တွက်ဆနိုင်ပြီး အန္တရာယ်ကိုရှောင်ရှားဖို့ အသင့်ဖြစ်နေပါလိမ့်မယ်။

(၂) ကယ်လိုရီပိုမို လောင်ကျွမ်းစေနိုင်တယ်
လက်ဝှေ့ကစားပြီဆိုရင် ခေါင်းအစခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားပေးနေရတာဖြစ်ပါတယ်။ တစ်ကိုယ်လုံးက ကြွက်သားကို အသုံးပြုပြီး ကစားရတဲ့အတွက် တခြားသောကစားနည်းတွေထက်ကို ကယ်လိုရီ ၂ ဆ ပိုမိုလောင်ကျွမ်းစေနိုင်ပြီး အဆီကျလှပစေမှာဖြစ်ပါတယ်။ တစ်နေ့ကို တစ်နာရီခန့် လက်ဝှေ့ကစားပါက အနည်းဆုံး ကယ်လိုရီ ၄၀၀ ကနေ ၆၀၀ ကြားလောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။

(၃) နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတယ်
ခန္ဓာကိုယ်တစ်ခုလုံး လှုပ်လှုပ်ရှားရှားကစားရတဲ့အတွက် နှလုံးခုန်နှုန်းပိုမိုမြန်ဆန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့သွေးပမာဏကို နှလုံးကနေတိုက်ရိုက် ညှစ်ထုတ်ပေးရတာကြောင့် နှလုံးကြွက်သားများ ပိုမိုသန်မာလာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အမောလည်းခံနိုင်ပြီး နှလုံးရောဂါနဲ့ ဆက်စပ်နေတဲ့ သွေးတိုး ၊ ဆီးချို စတဲ့ရောဂါတွေကိုလည်း အကောင်းဆုံး ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

(၄) စိတ်ဖိစီးမှု လျော့ကျစေတယ်
အထက်မှာပြောခဲ့သလိုပဲ လက်ဝှေ့ကစားခြင်းဟာ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းဖို့သာမက စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင် သန်မာလာစေတဲ့ အားကစားနည်းတစ်ခုဖြစ်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှု ပြင်းပြင်းထန်ထန်ပြုလုပ်ရတဲ့ အားကစားနည်းတစ်ခုဖြစ်တဲ့အတွက် စိတ်ဖီစီးမှုကို အမြန်ဆုံးလျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ စိတ်ဖိစီးစရာတွေကြုံလာတဲ့အတိုင်း လက်ဝှေ့သဲအိတ်ဟာ ကိုယ်ရဲ့ စိတ်ထွက်ပေါက်တစ်ခု အဖြစ်သတ်မှတ်လိုက်လို့ ရပါတယ်။

Lifestyle_Myanmar
ref-healthline