ယနေ့ခေတ်မှာ ကျားအမြှီးပြေးဆွဲတာမှ လွယ်ကောင်းလွယ်ပါဦးမယ်။ အလုပ် တစ်ခုရဖို့တော့ လုံးဝမလွယ်ကူပါဘူး။ ကိုယ်နဲ့ ကိုက်ညီတဲ့အလုပ်တစ်ခုရဖို့ ခြေတိုအောင် မြို့ပတ်ပြီး CV ဖောင်လိုက်တင်ရပေမယ့် အလုပ်ထုတ်ခံရဖို့ကတော့ မိနစ်ပိုင်းသာကြာပါတယ်။ သင့်အနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့လုပ်ငန်းခွင်မှာ ရေရှည် အလုပ်မြဲ ချင်တယ် ဆိုရင်တော့ အခုပြောပြပေးမယ့် အမှားတွေကို မပြုလုပ်မိဖို့ ဆင်ခြင်လိုက်ပါနော်။
(၁) ခိုက်ရန်ဖြစ်ပွားခြင်း
အလုပ်ခွင်ထဲက ဝန်ထမ်းအချင်းချင်း ခိုက်ရန်ဖြစ်ပွားတာဟာ အကြီးမားဆုံး အမှားတွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ်နဲ့ ဘယ်လောက်ပဲ ဆက်ဆံရေးမပြေလည်တဲ့သူဖြစ်ပါစေ ဘယ်လောက်ပဲ အမြင်မကြည်သူဖြစ်ပါစေ ကိုယ်ထိလက်ရောက်ခိုက် ရန်ဖြစ်ပွားတာမျိုးတော့ မပြုလုပ်သင့်ပါဘူး။ ကိုယ့်အပေါ်ဘယ်လိုပဲ စိတ်အနှောင့်အယှက်ပေးနေပါစေ ပညာရှိအမျက် အပြင်မထွက်ဆိုတဲ့စကားလေးကို လက်ကိုင်ထားပြီး ဒေါသစိတ်နဲ့ မတုန့်ပြန်မိဖို့ ဂရုပြုပါ။

(၂) ရုံးနောက်ကျခြင်း
တစ်ကြိမ် နှစ်ကြိမ်လောက် ရုံးနောက်ကျလို့ အလုပ်ထုတ်မခံရပေမယ့်လည်း အမြဲတမ်းတမ်းလိုလို ရုံးနောက်ကျနေမယ်ဆိုရင်တော့ သင့်ရဲ့နေရာလေးတစ်ခုက တည်မြဲမယ်လို့ အာမခံနိုင်တော့မှာမဟုတ်ပါဘူး။ နိုင်ငံခြားကုမ္ပဏီတွေဆိုရင် ရုံးနောက်ကျခြင်းကို ပိုလို့တောင် လက်သင့်မခံပါဘူး။ ရုံးနောက်ကျခြင်းဟာ ကုပ္မဏီအပေါ် အလေးမထားရာရောက်သလို အချိန်ကို တန်ဖိုးမထားတတ်တဲ့ ခပ်ညံ့ညံ့လူတစ်ယောက်အဖြစ်လည်း မှတ်ချက်ပေးခံရနိုင်ပါတယ်။

(၃) အလွဲသုံးစားလုပ်ခြင်း
ကုမ္ပဏီတော်တော်များများမှာ ငွေအလွဲသုံးစားလုပ်တာတွေ ၊ ကုမ္ပဏီနာမည်သုံးပြီး ကိုယ်ကျိုးအတွက် အသုံးချတာတွေ စတဲ့ပြဿနာတော်တော်များများ ဖြစ်ပွားလေ့ရှိပါတယ်။ လူဆိုတာ အကျပ်အတည်းဒုက္ခတွေနဲ့ ရင်ဆိုင်လာရတိုင်း ကြံရာမရလုပ်တတ်ကြပေမယ့် ဒီလိုအမှားမျိုးကတော့ ဘဝမှာပြန်ပြင်လို့မရတဲ့ အမဲစက်ကြီး တစ်ခုဖြစ်သွားစေမှာဖြစ်ပါတယ်။ အလုပ်က ထုတ်ခံလိုက်ရုံနဲ့ ကိစ္စအားလုံးပြီးသွားမှာမဟုတ်ဘဲ တစ်သက်လုံး ပြန်အဖက်ဆယ်လို့မရတဲ့ နာမည်ဆိုးကြီးတစ်ခု ထင်ကျန်နေတော့မှာဖြစ်ပါတယ်။

(၄) အရက်သေစာသောက်စားခြင်း
ရုံးချိန်အတွင်း အရက်သေစာသောက်စားတယ်ဆိုတာကတော့ လုံးဝခွင့်လွှတ်စရာမရှိတဲ့ လုပ်ရပ်တစ်ခုပါ။ လက်ရှိမှာလည်း အဆိုပါပြစ်မှုကြောင့် အလုပ်ထုတ်ခံလိုက်ရတဲ့သူတွေလည်း ထုနဲ့ဒေးရှိပါတယ်။ ကိုယ်တိုင်က သောက်တက်လို့ပဲ ဖြစ်ဖြစ် ၊ လုပ်ဖော်ကိုင်ဖက်တွေ ဆွယ်လို့ပဲဖြစ်ဖြစ် ရုံးချိန်အတွင်းမှာတော့ လုံးဝအရက်သေစာမသောက်စားသင့်ပါဘူးနော်။ ရုံးဆင်းချိန်နဲ့ ပိတ်ရက်တွေမှာ စိတ်အေးလက်အေးသောက်တာ ကောင်းမယ်ထင်ပါတယ်။

(၅) လူမှုရေးဖောက်ပြန်ခြင်း
အလုပ်ခွင်တစ်ခုတည်း လုပ်ကိုင်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း လူမှုရေးဖောက်ပြန်တဲ့ အရှုပ်တော်ပုံပြဿနာတွေကလည်း အလုပ်ထုတ်ခံရလောက်တဲ့အထိ ပြစ်မှုကြီးတဲ့အမှားတွေမှာပါဝင်ပါတယ်။ လူပျို အပျိုချစ်ကြကြိုက်ကြတာ ကိစ္စမရှိပေမယ့် အိမ်ထောင်ရှိပြီး ဝန်ထမ်းအချင်းချင်း လူမှုရေးဖောက်ပြန်တဲ့ လုပ်ရပ်တွေကတော့ လုံးဝရှောင်ရှားသင့်တဲ့ကျင့်ဝတ်ဆိုင်ရာ ကိစ္စတစ်ခုပဲဖြစ်ပါတယ်နော်။ တစ်ချို့သော စည်းကမ်းတင်းကျပ်တဲ့ ကုမ္ပဏီတွေမှာတော့ လူပျို အပျိုဖြစ်နေပါစေ တစ်ရုံးတည်းသားချင်း ရည်းစားထားခွင့်မရှိပါဘူးဆိုတဲ့ ဥပဒေတွေထုတ်ထားကြတာဖြစ်ပါတယ်။

Lifestyle_Myanmar
ref-bestlifeonline