လူတော်တော်များများက နေ့စဉ်အသုံးစရိတ် ဒါမှမဟုတ် နှစ်စဉ်အသုံးစရိတ်တွေအတွက် တွေးတောစဉ်းစားနေချိန်မှာ တခြားလူတွေကတော့ ဘဏ်ထဲမှာ လစဉ်ငွေတွေ စုနေပါပြီ။ သူတို့လည်း တခြားလူတွေလိုပဲ အလုပ်တူတူလုပ်တဲ့ သူတွေပါ။ ကွာသွားတာကတော့ ငွေစုပုံစုနည်းပါပဲ။ အခုတစ်ခေါက် ဒီဆောင်းပါးမှာတော့ ချမ်းသာတဲ့လူတွေ ငွေဘယ်လိုစုကြလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။
ဈေးကြီးတဲ့အရာတွေကို ဝယ်သင့်မဝယ်သင့် တစ်ရက်စဉ်းစားတယ်
သန်းကြွယ်သူဌေးတွေက စည်းကမ်းချက်ကို အလေးထားလိုက်နာကြပါတယ်။ သူတို့က ချမ်းသာကြပါတယ်။ သူတို့လိုချင်တာ ဘယ်ပစ္စည်းမဆို နှစ်ခါပြန် မစဉ်းစားပဲနဲ့ ဝယ်လို့ရပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ဒီပစ္စည်းတွေကို ဝယ်သင့်မဝယ်သင့် နောက်တစ်နေ့အထိ စောင့်ဆိုင်းပြီး စဉ်းစားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လိုချင်တဲ့အရာတွေကို မဆိုင်းမတွ ဝယ်လိုက်တယ်ဆိုပါစို့။ ဒီပစ္စည်းတွေက သူတို့အတွက် မလိုအပ်တဲ့ပစ္စည်းတွေဖြစ်နိုင်ပါတယ်။ နောက်နေ့ရောက်ရင် ဝယ်ထားတဲ့ပစ္စည်းကို မလိုချင်တော့တာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ “လိုချင်တာလား၊ လိုအပ်တာလား” ဆိုတဲ့ မေးခွန်းကို တစ်ခုခုမဝယ်ခင် အမြဲမေးလေ့ရှိပါတယ်။

ရေရှည်အသုံးဝင်မယ့် ပစ္စည်းတွေပဲဝယ်ပါ
ပိုက်ဆံစုဖို့အတွက် အရမ်းကြီး ကပ်စေးနည်းစရာမလိုပါဘူး။ ချမ်းသာတဲ့သူတွေဟာ ရေရှည်အတွက် ရင်းနှီးမြှပ်နှံတတ်တဲ့ အကျင့်ရှိပါတယ်။ သူတို့ဟာ အလုပ်အတွက် ဒါမှမဟုတ် အိမ်အတွက် ရေရှည်အသုံးခံမယ့် ပစ္စည်းတွေကိုသာ ဝယ်လေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဈေးပေါပြီး အရည်အသွေးနိမ့်တဲ့ ပစ္စည်းတွေက ကြာကြာအသုံးခံလေ့ မရှိတာကြောင့် မကြာခဏ ထပ်ဝယ်ရလေ့ရှိပါတယ်။ ဒီလိုမကြာခဏ ထပ်ပြီးဝယ်ရတဲ့အခါမှာ ဒီပစ္စည်းတွေရဲ့ တန်ဖိုးဟာ အရည်အသွေးမြှင့် ရေရှည်အသုံးခံတဲ့ ပစ္စည်းတွေထက် ငွေကြေးပိုကုန်ကျလေ့ရှိတတ်ပါတယ်။

လျှော့ဈေးရတဲ့အချိန် ပစ္စည်းဝယ်တယ်
လူတော်တော်များများ လျှော့ဈေးပေးနေတဲ့ ပစ္စည်းတွေ ဝယ်ရတာ နှစ်သက်ကြပါတယ်။ ဈေးကြီးတဲ့ပစ္စည်းတွေကို လျှော့ဈေးပေးတဲ့အချိန်ထိ စောင့်ပြီးဝယ်တာဟာ ကုန်ကျစရိတ် အများကြီး သက်သာစေပါတယ်။ လျှော့ဈေးတွေက တစ်နှစ်ပတ်လုံးရှိပါတယ်။ ချမ်းသာတဲ့သူတွေဟာ တစ်နှစ်လုံးစာအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို စာရင်းလုပ်ထားပြီး လျှော့ဈေးပေးတဲ့အချိန်မှာ ဝယ်ကြလေ့ရှိပါတယ်။

သူတို့ကိုပျော်ရွှင်စေတဲ့ အရာတွေအတွက် ပိုက်ဆံအသုံးပြုကြတယ်
ချမ်းသာတဲ့သူတွေဟာ သူတို့ကိုပျော်ရွှင်စေတဲ့ အရာတွေ ဥပမာ သူတို့ရဲ့ဝါသနာတွေအပေါ် ငွေကြေးသုံးစွဲတတ်ကြပါတယ်။ သူတို့တွေဟာ တစ်ဖက်ကလည်း အလုပ်ကြိုးစားပြီး ငွေစုဆောင်းသလို တစ်ဖက်ကလည်း သူတို့ရဲ့ပျော်ရွှင်မှုအတွက် ငွေကြေးသုံးစွဲလေ့ရှိကြပါတယ်။
ပိုက်ဆံအကြွေတွေကို ပြန်သုံးပါ
လူတချို့တွေက ပိုက်ဆံအကြွေတွေကို ပြန်သုံးလေ့မရှိကြပါဘူး။ သူတို့က တစ်ရာတန်နှစ်ရာတန်တွေ သိမ်းထားပြီး ပြန်မသုံးဖြစ်ပဲ မေ့ထားလေ့ရှိတတ်ကြပါတယ်။ ချမ်းသာတဲ့သူတွေအတွက်က တော့ တစ်ကျပ်တန်လည်း ငွေပါပဲ။ ဒါကြောင့် သူတို့တွေဟာ ပိုက်ဆံအကြွေတွေကို စုဆောင်းပြီး ကော်ဖီဝယ်သောက်တဲ့ အချိန်မှာဖြစ်ဖြစ် ကလေးတွေအတွက် သကြားလုံးလေးတွေ ဝယ်ပေးတဲ့အချိန်မှာဖြစ်ဖြစ် ပြန်သုံးလေ့ရှိကြပါတယ်။

ပြင်လို့ရတဲ့ ပစ္စည်းတွေကို ပြန်ပြင်ပြီး သုံးကြတယ်
သူတို့တွေက ဝယ်ထားတဲ့ ပစ္စည်းတွေ လုံးဝသုံးလို့ မရတဲ့အချိန်ကြမှ စွန့်ပစ်လေ့ရှိကြပါတယ်။ စက်ပစ္စည်းတွေ အသေးစားကိရိယာတွေ ဥပမာ စားပွဲတင်နာရီ စတာတွေကို ပျက်သွားရင် ပြန်ပြင်ပြီး သုံးလေ့ရှိကြပါတယ်။ လုံးဝပြင်လို့ မရတော့တဲ့ အခြေအနေရောက်မှာသာ အမှိုက်ပုံးထဲ ပစ်လေ့ရှိကြတာပါ။
Lifestyle_Myanmar
ref-brightside