သင့်ဆံပင်ကတိုတိုကပ်ကပ်ကလေးလား၊ ဂုတ်ဝဲလေးလား၊ မတိုမရှည်လေးလား၊ ဒါမှမဟုတ် ဆံပင်အရှည်ကြီးပိုင်ဆိုင်ထားတဲ့သူလား။ သင့်ဆံပင်အတိုအရှည်ကို ကြည့်ခြင်းအားဖြင့် သင့်ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်လို့ရတယ်ဆိုတာကိုရော သင်သိပါသလား။ လေ့လာချက်တွေအရ သင်ယခုလက်ရှိထားထားတဲ့ ဆံပင်ပုံစံက သင့်စိတ်နေစိတ်ထားကို ရောင်ပြန်ဟပ်နိုင်တယ်လို့ ဆိုကြပါတယ်။
ဆံပင်တိုတိုကပ်ကပ်ကလေး ညှပ်ထားတဲ့သူ
သင်ကမိမိကိုယ်ကို ယုံကြည်ချက်အပြည့်ရှိတဲ့သူတစ်ယောက်ပါ။ ပျော်ပျော်နေတတ်ပြီး ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် မိတ်ဆွေသူငယ်ချင်းပေါများပါတယ်။ မိတ်ဆွေအသစ်ဖွဲ့ရတာကိုလည်း ဝန်လေးတတ်သူတစ်ယောက်မဟုတ်ပါဘူး။ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေကို ထုတ်ဖော်ပြလို့ရတဲ့ အလုပ်ကို လုပ်ကိုင်ရတာပျော်ရွှင်တဲ့သူတစ်ယောက်ပါ။
တစ်ခါတလေမှာ ဘာမှမစဉ်းစားဘဲ ဝုန်း ဒိုင်းဆိုပြီးလုပ်တတ်တာလေးကလွဲရင် ပြဿနာကိုထိန်းထိန်းသိမ်းသိမ်းနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို သိတဲ့သူတစ်ယောက်ပါ။ မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းလည်းရှိသလို မိမိဂုဏ်သိက္ခာကိုလည်း အပွန်းပဲ့မခံတဲ့သူတစ်ယောက်ပါ။

ပုခုံးထက်မကျော်တဲ့ ဆံပင်ပိုင်ရှင်
သင်က ရိုးသားဖြောင့်မတ်တဲ့သူတစ်ယောက်ဖြစ်တယ်။ အမှန်တရားကိုချစ်မြတ်နိုးတဲ့အတွက်ကြောင့် အဲ့ဒီအမှန်တရားက မိမိကိုယ်တိုင်ကိုရော တစ်စုံတစ်ယောက်ကိုပါ ထိခိုက်နာကျင်စေမယ်ဆိုရင်တောင် အမှန်အတိုင်းပြောပြဖို့ ဝန်မလေးဘူး။ မိမိကိုယ်ပိုင်ဘဝနဲ့ လုပ်ငန်းခွင်ဘဝကို အမြဲတမ်းအချိုးကျညီမျှနေအောင် ကြိုးစားနေတဲ့သူတစ်ယောက်ပါ။ သင့်မှာ အကြောက်တရားဆိုတာ စိုးစဉ်းမျှမရှိပါဘူး။
ဒါ့အပြင် ဘယ်အလုပ်ကိုမဆို ဗရမ်းဗတာမဟုတ်ဘဲနဲ့ စနစ်တကျလုပ်ကိုင်နိုင်တယ်။ ရှုပ်ထွေးတဲ့အရာတွေကို မကြိုက်ဘူး။ ဒါပေမဲ့ သင်ကပုံသေကားချပ်ကြီးအတိုင်း လုပ်ကိုင်နေရတာကို သဘောမကျဘူး။ အသစ်အသစ်သောအရာတွေကို စူးစမ်းလိုစိတ်ပြင်းပြတဲ့သူတစ်ယောက်။ ကိစ္စတစ်ခုကို မဆောင်ရွက်ခင်မှာ သေချာစဉ်းစားဆုံးဖြတ်လေ့ရှိတယ်။

ဆံပင်အရှည်က ပုခုံးထက်ကျော်တဲ့သူများ
သင်က မိန်းကလေးဆန်တဲ့ မိမိပုံပန်းသွင်ပြင်၊ ခေတ်ဆန်တဲ့ မိမိရဲ့အသွင်အပြင်ကို သဘောကျနှစ်ခြိုက်သူတစ်ယောက်ပါ။ သင့်ရဲ့သဘာဝအလှတရားက သင့်ဘေးနားက ဖြတ်သွားတဲ့သူတွေ လည်ပြန်ငေးကြည့်ရလောက်တဲ့အထိ လှပကျော့ရှင်းသူတစ်ယောက်ပါ။ စကားကို ပြေပြေပြစ်ပြစ်ပြောဆိုတတ်ပြီးတော့ မိမိခင်မင်သူများနဲ့ စကားဖောင်ဖွဲ့ပြီး ပြောရတာကိုလည်း ကြိုက်နှစ်သက်ပါတယ်။
သင်ကစွန့်စားရတာကြိုက်နှစ်သက်တယ် မိမိဘဝတက်လမ်းအတွက် မိမိကိုစိန်ခေါ်နေတဲ့အရာအားလုံးကို ရင်ဆိုင်ဖို့အသင့်ရှိတဲ့ လူတစ်ယောက်၊ သူငယ်ချင်းအသစ်တွေနဲ့ မိတ်ဖွဲ့ရတာကျွမ်းကျင်တဲ့အပြင် အသစ်ဖြစ်တည်လာတဲ့ပေါင်းသင်းဆက်ဆံရေးကိုလည်း တန်ဖိုးထားတဲ့သူတစ်ယောက်ပါ။

ရှည်လျားတဲ့ဆံကေသာကို ပိုင်ဆိုင်ထားသူ
သင်က ရှည်လျားတဲ့ဆံကေသာကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်တဲ့အတိုင်း စိတ်ရှည်သည်းခံတတ်သူတစ်ယောက်၊ အရာရာကို ဂရုစိုက်တဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် စိတ်ကူးယဉ်ဆန်သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ အချစ်ရေးနဲ့ပတ်သက်လာရင်လည်း သာယာပျော်ရွှင်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ သမီးရည်းစားဆက်ဆံရေးကိုလိုလားတဲ့သူတစ်ယောက်ပါ။
ဒါတင်မကသေးပါဘူး ချစ်သူရည်းစားရွေးတဲ့အခါမှာလည်း သေသေချာချာဂရုစိုက်ဆုံးဖြတ်ပြီးမှ ရွေးလေ့ရှိပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လို့ မျှော်လင့်ချက်ကြီးသလို မိမိချစ်သူဆီက ကြင်နာမှု၊ လိုလေသေးမရှိအောင် အရာရာကိုဖြည့်ဆည်းပေးဖို့ မျှော်လင့်ထားသူပါ။ မိမိရဲ့ရည်မှန်းချက်အိပ်မက်အတွက် မဖြစ်နိုင်တဲ့အရာအားလုံးကို ဖြစ်အောင်လုပ်ပြီး ပန်းတိုင်ကိုအရောက်လှမ်းနိုင်တဲ့သူပါ။ သင့်ရဲ့ ဇွဲ လုံလ ဝီရိယက သင်လိုချင်တဲ့အရာအားလုံးကို ပိုင်ဆိုင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။

Lifestyle_Myanmar
ref-brightside